လက်နက်ကိုင်အဖွဲ့တစ်ခုက သတ်ပြီးမြှုပ်ထားသည့် အလောင်း ၁၀ လောင်းကျော် တွေ့ရှိထားဟုဆို

0
1318

လက်နက်ကိုင် အဖွဲ့တစ်ခုက သတ်ဖြတ်ပြီး မြှုပ်နှံထားသည့် အလောင်း ၁၀ လောင်းကျော်ကို လောင်းလုံးမြို့နှင့် ထားဝယ်အကြားရှိ ရော်ဘာခြံဝင်းတစ်ခုအတွင်း တွေ့ရှိထားဟုဆိုသည်။

ယင်းသို့တွေ့ရှိထားကြောင်းကို တော်လှန်ရေးအဖွဲ့အချို့၏ ပြောဆိုချက်များအား ကိုးကားကာ FE5 Tanintharyi ၏ အောက်တိုဘာလ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ယင်းသတ်ဖြတ်မှုကို ကျူးလွန်သည့် လက်နက်ကိုင်အဖွဲ့ကို အရေးယူနိုင်ရန်လည်း မျှော်လင့်နေဟု တော်လှန်ရေးတွင် ပါဝင်သူများက ပြောဆိုကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။

FE5 Tanintharyi မှာ တနင်္သာရီတိုင်းအတွင်း လူမှုရေး၊ စီးပွားရေး၊ စစ်ရေးနှင့် အရပ်သားထိခိုက်သေဆုံးမှု အချက်အလက်များကို သုတေသနလုပ်ပြီး လစဉ်အစီရင်ခံစာ ထုတ်ပြန်နေသည့် လွတ်လပ်သည့် သုတေသနအဖွဲ့တစ်ခုဖြစ်သည်။

သတ်ဖြတ်ပြီးနောက် လက်စဖျောက်မြှုပ်နှံထားသည်ဟု ယူစရသည့် ယင်းအလောင်းများတွင် ကာလရှည် ပျောက်ဆုံးနေသူများ၏ အလောင်းများလည်း ပါဝင်နိုင်ကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။

အသေးစိတ်အခြေအနေအချို့ကို Dawei Watch အနေဖြင့် စုံစမ်းသိရှိရသော်လည်း အတည်ပြုချက် မရရှိသေးသဖြင့် ထုတ်ဖော်ရေးသားနိုင်ခြင်း မရှိသေးပေ။

တနင်္သာရီတိုင်းတွင် ရုတ်တရက် ဆက်သွယ်မရဘဲ ပျောက်ဆုံးသွားသည့် ဒေသခံများ ဆက်တိုက်ရှိလာနေပြီး မည်သည်အဖွဲ့က ဖမ်းသွားမှန်း မသိရသလို၊ မည်သည့်နေရာ ရောက်ရှိနေမှန်း စုံစမ်းမရဘဲ ပျောက်ဆုံးသွားခြင်းမျိုးဖြစ်ကြောင်း ပျောက်ဆုံးသူ၏ မိသားစုဝင်များကပြောဆိုကြသည်။

ထားဝယ်ခရိုင်အတွင်း သတင်းအစအနမရဘဲ ပျောက်ဆုံးသူများလာကြောင်း FE5 Tanintharyi အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။

ယခုလပိုင်းအတွင်း မည်သည့်အဖွဲ့က ဖမ်းဆီးသွားမှန်းမသိဘဲ အစအနပျောက်ဆုံးနေသည့် ပြည်သူအရေအတွက်က ပိုများလာကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။

ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်တွင် လူပျောက်မှု အများဆုံးဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီးနောက် ပျောက်ဆုံးသွားသူများ ရှိနေသလို ‌ပျောက်သွားသူ အများစုမှာ စစ်ကောင်စီနှင့် ပတ်သက်နေသူများ၊ စစ်မှုထမ်းဟောင်းများ ဖြစ်နေကြောင်း အစီရင်ခံစာက ဆိုသည်။

Dawei Watch က လက်လှမ်းမီသမျှ ပြုစုထားသည့်စာရင်းများအရ အောက်တိုဘာလအတွင်းမှာပင် သတင်းအစအန မရဘဲ ပျောက်ဆုံးနေသူ ၄ ဦးအထိ ရှိနေသည်။

ထိုသူများမှာ လောင်းလုံးမြို့နယ် မြောက်ပိုင်းနှင့် ရေဖြူမြို့နယ်အတွင်း ပျောက်ဆုံးသွားသူများဖြစ်ပြီး မြေပြင်တွင် ပျောက်ဆုံးနေသူအရေအတွက်မှာ ယင်းပမာဏထက် ပိုများနိုင်သည်။

ရေဖြူမြို့နယ် မူးဒူးရွာနေ အသက် ၇၄ နှစ်အရွယ်ရှိ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးမောင်လတ်၊လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာနေ  ကိုမင်းဇော်၊ စစ်ကောင်စီဆေးတပ်သားဟောင်းတစ်ဦးနှင့် ကိုဆယ်သီးဆိုသည့် အမျိုးသားတစ်ဦး စုစုပေါင်း လေးဦးပျောက်ဆုံးနေသည်။

ကိုဆယ်သီး နှင့် ကိုမင်းဇော်တို့ နှစ်ဦးမှာ လောင်းလုံးမြို့နယ်ပန်းတင်အင်းရွာမှ  ရေဖြူမြို့နယ် နဘုလယ်ဒေသသို့ သွားချိန် လမ်းပိုင်းတစ်နေရာတွင် ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ကိုဆယ်သီးက လပြည့်နေ့က ရွာကို နာရေးလာတယ်။ အပြန်မှာ ပျောက်သွားတာ အဆက်အသွယ်မရတော့ဘူး “ဟု ၎င်းက ပြောသည်။

အဆိုပါ ပျောက်ဆုံးနေသူလေးဦးမှာ ရက်ပေါင်း ၂၀ ကျော်သည်အထိ သတင်းအစအန မရသေးကြောင်းမိသားစု ဝင်များက ပြောသည်။

လက်ရှိပျောက်ဆုံးနေသူများမှာ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်နိုင်သည်ဟု ပြည်သူများက ခန့်မှန်းနေကြကြောင်း FE5 Tanintharyi အစီရင်ခံစာက ဆိုသည်။

တော်လှန်ရေးအဖွဲ့တာဝန်ရှိသူအချို့ကလည်း ယင်းဒေသတဝိုက်တွင် အရပ်သားများကို ဖမ်းဆီးပြီး သတ်ဖြတ်သည့် တော်လှန်ရေးအဖွဲ့အချို့ ရှိနေကြောင်း Dawei Watch ကိုအတည်ပြုပြောဆိုသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူဦးရေ များပြားသည်ဟုသာ ၎င်းတို့ကပြောဆိုကြပြီး အရေအတွက်ကို ပြောဆိုနိုင်ခြင်းမရှိပေ။

လောင်းလုံးမြို့နယ်တောင်ပိုင်းတွင်လည်း ယခုနှစ်အတွင်း ပျောက်ဆုံးနေသူ ဆယ်ချီရှိခဲ့ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

အရပ်သားများ ပျောက်ဆုံးသွားပြီး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလျော့နည်းလာစေရေးအတွက် နယ်မြေအတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များ၊အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းနှင့်မြို့နယ်အဆင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်များတွင် အဓိကတာဝန်ရှိကြောင်း၊ ဖော်ထုတ်အရေးယူမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း လောင်းလုံးမြို့နယ်အတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးကလည်း ထောက်ပြပြောဆိုထားသည်။