NUG ၏ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးဘီဝင်း ကွယ်လွန်

0
810

 အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးမှူးတာဝန်ယူခဲ့သည့် ဗိုလ်မှူးဘီဝင်းသည် ထိုင်းနိုင်ငံ၊ လှဘူရီခရိုင်၊ စွန်ဖူး၊ ထီးဝါးကာရှိနေအိမ်တွင် ဆေးကုသမှုခံယူရင်း အသဲကင်ဆာဖြင့် နိုဝင်ဘာလ ၅ ရက်တွင် ကွယ်လွန်ခဲ့သည်ဟု ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

အသက် ၅၃ နှစ်တွင် ကွယ်လွန်သွားသည့် ဗိုလ်မှူးဘီဝင်းမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၄ ၏ KNLA တပ်ရင်းမှ စစ်ကြောင်းမှူးဖြစ်ပြီး KNU ဗဟိုနှင့် KNU တပ်မဟာ ၄ ၏ မူဝါဒနှင့် လမ်းညွှန်ချက်အတိုင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

“ကျွန်တော်တို့ တပ်မှူးတစ်ယောက်၊ သူက အသက်ရှင်တုန်းက သူအတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ဆောင်သွားတယ်။ တော်လှန်ရေးအတွက်ရော ကရင်လူမျိုးအတွက်ရော အကောင်းဆုံးသူကြိုးစားခဲ့တယ်။ သူလုပ်ဆောင်ခဲ့တာတွေအတွက်တော့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်၊ ဒါပေမဲ့ ဆုံးရှုံးမှုကတော့ နှမျောတာပေါ့နော်” ဟု KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

 တိုင်းစစ်ဒေသခွဲ-ကွပ်ကဲရေးမှူးဖြစ်လာချိန်တွင် ထားဝယ်အရှေ့တော၊ သရက်ချောင်း၊ ပုလောစသဖြင့် တနင်္သာရီတိုင်းအတွင်းရှိ ပကဖ၊ PDF တပ်ရင်း တပ်ဖွဲ့များကို စစ်သင်တန်းပေးခြင်း၊ စစ်ဆင်ရေးဖော်ဆောင်ခြင်း စသည့် ကွပ်ကဲရေးမှူး၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု ၎င်းနှင့်နီးစပ်သူများက ရှင်းပြသည်။

“ထားဝယ်-ထီးခီးဘက်မှာ သင်တန်းပေးရင်း အနေဆင်းရဲ အစားဆင်းရဲပြီး ရောဂါပြန်ထလာပေမယ့် ပြီးဆုံးတဲ့အထိလုပ်ဆောင်ခဲ့တယ်။ ထိုင်းပြန်ရောက်တော့ရောဂါကျွမ်းနေပြီ၊ နောက်ဆုံးအဆင့်ဖြစ်နေလို့ အိမ်မှာပဲနေပြီး ဆေးကုသမှုခံယူခဲ့တယ်၊ တစ်လတောင်မနေရဘဲ ဆုံးရှာတယ်” ဟု ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် KNU တပ်မဟာ ၄ မှတပ်ခွဲမှူးတစ်ဦးကပြောသည်။

ဗိုလ်မှူးဘီဝင်းသည် KNLA တွင် သာမန်တပ်သားဘဝမှ အထူးကွန်မန်ဒိုဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်ဟု ၎င်းက ပြောသည်။