ဘန်ကောက်တွင် တရားဝင် မြန်မာလုပ်သား ၁၇ ဦး လုပ်အားခမရသဖြင့် အခက်အခဲဖြစ်

0
681

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နိုင်ငံအစိုးရသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၇ ဦးသည် လုပ်အားခမရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်ပုံမှန် မဆင်းရသည့်အပြင် လုပ်အားခလည်း မရရှိသဖြင့် စားဝတ်နေရေးအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ၎င်းတို့က ဆိုသည်။

မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ လယောင်မြို့ရှိ TPWJ Service ကုမ္ပဏီတွင် လုပ်ကိုင်ရန် ၂ နှစ်စာချုပ်ချုပ်ဆို၍ ထက်မာန်အေဂျင်စီက စက်တင်ဘာလ ၁၈ ရက်နေ့တွင် စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

သို့သော်လည်း စက်တင်ဘာ ၂၀ ရက်နေ့တွင် စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်သို့ ပို့ဆောင်ခြင်းခံရပြီး ၂၂ ရက်မျှကြာသည်အထိ အလုပ်မဆင်းခဲ့ရကြောင်း အလုပ်သမားများကပြောသည်။

ယင်းနေရာတွင် မိမိစရိတ်ဖြင့် နေထိုင်ခဲ့ကြပြီးနောက် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဘန်ကောက်မြို့ ဘန်ခေးနယ်မြေ ဖိကဆင်ဒေသရှိ TP Housing and Construction ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုသို့ပို့ဆောင်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

အဆိုပါလုပ်ငန်းခွင်တွင်လည်း အောက်တိုဘာလ ၁၁ ရက်မှ နိုဝင်ဘာလ ၆ ရက်အထိ ၁၂ ရက်သာ အလုပ်လုပ်ကိုင် ခဲ့ရပြီး လုပ်အားခများထုတ်ပေးရန် တောင်းသော်လည်း အလုပ်ရှင်က ထုတ်မပေးကြောင်း၎င်းတို့ထံမှ သိရသည်။

အလုပ်ရှင်ဘက်က လုပ်အားခ မထုတ်ပေးသည့်အပြင် ထက်မာန်အေဂျင်စီဘက်ကလည်း တာဝန်ယူဖြေရှင်းပေးမှု မရှိသဖြင့် စားဝတ်နေရေးအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။

“စားစရာမရှိတဲ့ဘဝမှာ ဒီလိုပဲ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာမှ လုပ်လို့မရတဲ့ ဘဝမျိုးတွေပါ” ဟု ၎င်းကဆိုသည်။

လုပ်အားခ တောင်းသောအချိန်တွင် အလုပ်ရှင်ဘက်က ကြားခံတစ်ဦးကို ဘတ် ၃၀၀၀၀ ပေးချေထားရသဖြင့်လုပ်အားခများကို ထုတ်ပေးနိုင်ခြင်းမရှိဟု ပြန်လည်ပြောဆိုထားကြောင်း ၎င်းကဆိုသည်။

ငွေယူခဲ့သော ကြားခံတစ်ဦးမှာ ထိုင်း TPWJ ကုမ္ပဏီလော၊ ထက်မာန်အေဂျင်စီလော ဆိုသည်ကိုအတည်ပြု၍ မရနိုင်ခဲ့ကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။

ဘတ် ၃၀၀၀၀ ပေးချေသည့်ကိစ္စနှင့်ပတ်သက်၍ စာချုပ်ပါကုမ္ပဏီဖြစ်သော TPWJ Service ကုမ္ပဏီကိုဆက်သွယ် မေးမြန်းရာတွင် TP Housing and Construction ကုမ္ပဏီ အလုပ်ရှင်ဘက်က အလုပ်သမားများအလုပ်ဝင်ကြေးနှင့် နေထိုင်စရိတ်များတွင် ငွေညှစ်တောင်းခံခြင်းသာဖြစ်ကြောင်း ကိုယ်စားလှယ်တစ်ဦးကဖြေကြားသည်။

“သူတို့က ကလေးတွေကို (အလုပ်သမား) အလုပ်လည်း အလကားခိုင်းတယ်။ ဒီ (TPWJ) သူဌေးက ပြန်ခေါ်တော့ အခန်းခ၊ ရေခ၊ မီးခ၊ နေခတွေပါ အကုန်လုံးတောင်းတယ်။ အဲဒါတောင်းပြီးမှ သူတို့က ပြန်လွှတ်မယ်။အဲဒီလို ပြောတယ်။ သူတို့ သူဌေးအချင်းချင်းဖြစ်တဲ့ ပြဿနာ” ဟု TPWJ က ကိုယ်စားလှယ်တစ်ဦးကပြောသည်။

အလုပ်သမားများကို နောက်လုပ်ငန်းခွင်ပို့ထားခြင်းမှာ TPWJ ကုမ္ပဏီတွင် အလုပ်ဆိုဒ်များ အလုပ်ပြီးသွားသဖြင့် အခြားဆိုဒ်သို့ ပို့ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အလုပ်ရှင်နှင့် မြန်မာအေဂျင်စီဘက်က တာဝန်ယူ ဖြေရှင်းပေးမှု မရှိခဲ့သဖြင့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အလုပ်သမားများက မြန်မာအလုပ်သမားအဖွဲ့အစည်းဖြစ်သော WAG အဖွဲ့ကို လာရောက်တိုင်ကြားခဲ့ပြီး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

“သူတို့ပုံစံက ရောင်းစားခံရသလိုကို ဖြစ်နေတာ။ အလုပ်လည်း ပုံမှန်မဆင်းရတဲ့အပြင် လုပ်အားခတွေကိုပါအသိမ်းခံထားရတော့ ကူကယ်ရာမဲ့ဖြစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာအလုပ်သမားများသည် ငွေကုန်အချိန်ကုန်ခံ၍ MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာခဲ့သော်လည်း ထိုင်းနိုင်ငံ ရောက်ရှိပြီးနောက် အလုပ်ပုံမှန်မရရှိခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊အထောက်အထားအသိမ်းခံနေရခြင်းများ ဆက်တိုက် ကြုံတွေ့နေကြရသည်။