လောင်းလုံး ကရင်ကြီးနှင့် ကမ်းပနီရွာက နေအိမ်အချို့မီးရှို့ခံနေရ

0
824

လောင်းလုံးမြို့နယ် ကရင်ကြီးနှင့် ကမ်းပနီရွာက နေအိမ်အချို့ကို ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့က ကရင်ကြီးရွာဘက် နယ်မြေရှင်းရန်လာသည့် စစ်ကြောင်းနှင့် PDF အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် ကရင်ကြီးရွာတွင် ညအိပ်တပ်စွဲသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင် ကရင်ကြီးရွာနှင့် ကမ်းပနီရွာရှိ နေအိမ်အချို့ကို မီးရှို့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“(အိမ်) အရေတွက်တော့ မသိရသေးဘူး။ မီးခိုးလုံးတွေ တက်လာနေတာတွေ့နေရတယ်။ လက်နက်ကြီးတွေလည်း ပစ်သံကြားနေတယ်” ဟု ကရင်ကြီးရွာသားတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၉ ရက် တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးသူများရှိကြောင်း ကနဦးကြားသိရပြီး ယနေ့ နံနက် မီးရှို့ခံရသည့် နေအိမ်အရေအတွက်ကိုမူ Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တိုက်ပွဲကြောင့် သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီရွာများက ဒေသခံများသည် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းကစပြီး အိုးအိမ်စွန့်ခွာထွက်‌ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁ ရက်နေ့ကစတင်ပြီး လောင်းလုံး မြို့နယ်ရှိ ကျေးရွာအချို့ကို ရှောင်တစ်ခင် စစ်ကြောင်းထိုး ဝင်ရောက်ပြီး နယ်မြေရှင်းလင်းနေသည်ကို တွေ့ရသည်။