တနင်္သာရီအခြေစိုက် ခြေမြန်တပ်ရင်းကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးချတိုက်ခိုက်

0
778
ဓါတ်ပုံ - တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် (၅၅၆) ခြေမြန်တပ်ရင်းကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁ဝရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၉ ရက် နံနက် ၁၁ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းအတွင်းသို့ ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ကာ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တပ်ရင်းမှူးအိမ်ကို ရွေးပြီးချတာလို့ သိရတယ်” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုကို တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာန၏ လက်ရုန်းတပ်ဖြစ်သော (Dragon Squad) နှင့် တနင်္သာရီ ပကဖ ပူးပေါင်းအဖွဲ့များဖြစ်သည့် တနင်္သာရီကာကွယ်ရေး ပြောက်ကျားအဖွဲ့၊ တောဗုံးကြီးအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့တို့က ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဗုံးချတိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီတပ်ဘက်က ပဝကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် အကြိမ်ရေများစွာ ပစ်ခတ်သောကြောင့် ဒေသခံများ ပုန်းရှောင်ထွက်ပြေးခဲ့ရကြောင်း ပဝကျေးရွာနေဒေသခံများ ထံမှ သိရသည်။

“လက်နက်ကြီးတွေနဲ့ ပစ်လို့ တစ်ရွာလုံး ပုန်းသူပုန်း ပြေးသူပြေးနဲ့ အုန်းအုန်းဆူ (ဆူညံနေတာ) ပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၅၅၆ ခြေမြန်တပ်ရင်းသည် မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်တွင်ရှိပြီး ယခင်ကလည်း တိုက်ခိုက်ခံရဖူးသည်။

တနင်္သာရီမြို့နယ်အတွင်း နိုဝင်ဘာလ ၅ ရက်မှ ၈ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့သည်။