ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က လေကြောင်းဖြင့်ပြန်ပစ်ခတ်

0
772

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်ပူးပေါင်းတပ်ဖွဲ့ တို့က ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းဖြင့်ပါ ပြန်လည်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် တံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့က ပြောသည်။

“တိုက်ပွဲက မနက် ၄နာရီလောက်ကတည်းက ဖြစ်နေတာ။ ဖြစ်ပြီးတော့ မနက် ၉နာရီလောက်မှာ လေယာဉ်နဲ့ လာပစ် တယ်။ လက်နက်ကြီးကျည်တွေက ရွာထဲမှာကျတာလည်းရှိတယ်။ အခုထိ (ညနေ ၃ နာရီခန့်ထိ) ပစ်နေကြတုန်းပဲ” ဟု ချောင်းနှစ်ခွ ဒေသခံတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုမရှိသော်လည်း နေအိမ်အချို့ ကျည်ထိမှန်ပျက်စီးပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့က ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲကြောင့် မုဒုံ – ချောင်းနှစ်ခွ – ကြာအင်းဆိပ်ကြီးလမ်းပိုင်း၊ မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင်လမ်းပိုင်းတွင် အသုံးပြုသွားလာခြင်း မပြုလုပ်ကြရန် ဒေသခံတို့က ပြောဆိုကြသည်။

ချောင်းနှစ်ခွရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း မုဒုံ၊ ကြာအင်းဆိပ်ကြီးကားလမ်းမကြီးပေါ်ရှိ ချောင်းနှစ်ခွရဲစခန်းကို ကရင် ပူးပေါင်း အဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ လေးဦး ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ် ရှိခဲ့သည်။