ထိုင်းဘဏ်နာမည်နဲ့ ငွေချေးတယ်ဆိုပြီး လိမ်လည်မှုသတိပြု

0
1693

Facebook လူမူကွန်ရက်ပေါ်မှာ ထိုင်းဘဏ်တွေဖြစ်တဲ့ ကာစီကွန်ဘဏ် (Kasikorn Bank) ၊ ထိုင်းဖာနစ်ဘဏ် (SCB Bank) နာမည်တွေနဲ့ ငွေချေးတယ်ဆိုပြီး လိမ်လည်တာတွေ ရှိလာပါတယ်။

Thailand & Myanmar ကာစီကွန် – Online ချေးငွေရုံး စတဲ့နာမည်တွေနဲ့ Facebook Page အတုတွေ ဖန်တီးပြီး လိမ်လည်ကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပစ်မှတ်ထား ငွေကြေးလိမ်လည်နေတဲ့ အဲဒီ Facebook Page အတုတွေအကြောင်းကို အချက်အလက်စစ်ဆေး ဖော်ပြပေးပါမယ်။

Thailand & Myanmar ကာစီကွန် – Online ချေးငွေရုံး Page အတုအကြောင်း

အဲဒီ Page အတုကို ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကမှ ဖွင့်ထားတာဖြစ်ပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား တွေ အပါအဝင် လူပေါင်း သုံးထောင်‌ကျော် Like and Follow လုပ်ထားကြပါတယ်။

Page စဖွင့်ကတည်းက ချေးငွေတွေ ထုတ်ချေးပေးနေပါတယ်လို့ လိမ်ညာရေးသားထားတဲ့ ပိုစ် ၁၇ ခုတင်ထားတဲ့ အဲဒီ Page ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အဲဒီ page ချက်ဘောက်ကို ငွေချေးသူဟန်ဆောင်ပြီး Dawei Watch သတင်းထောက်က နိုဝင်ဘာလ ၅ ရက်နေ့မှာ ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

ထိုင်းဘတ်ငွေ တစ်သောင်းကနေ ဘတ်သုံးသိန်းအထိ ချေးယူနိုင်ပြီး လစဉ်အတိုးဆပ်ရမယ်ဆိုတာ၊ အတိုးနှုန်းက တစ်ဘတ်ကျသင့်တယ်ဆိုပြီး Page အတုဘက်နေ စာပြန်ပို့လာပါတယ်။

မြန်မာမှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ် (Passport) ၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်စတာတွေကို တောင်းဆိုပါတယ်။

ငွေချေးဖို့အတွက် လျှောက်လွှာကြေးအနေနဲ့ ဘတ် ၂၅၀ နဲ့ အသင်းဝင်ကြေးက ဘတ် ၂၅၀ စုစုပေါင်း ဘတ် ၅၀၀ (မြန်မာကျပ်ငွေနဲ့ဆိုရင် လေးသောင်းခွဲဝန်းကျင်) ကို ကြိုပေးရမယ်လို့လည်းဆိုပါတယ်။

အဲဒီဘတ် ၅၀၀ ကို ချေးငွေထဲက နုတ်ယူဖို့ပြောပေမယ့် မရဘူးလို့ဆိုတယ်။

အဲဒီဘတ် ၅၀၀ ကို Aung Myo Tun နာမည်နဲ့ ဖွင့်ထားတဲ့ SCB ထိုင်းဘဏ်အကောင့်နံပါတ် 0324841676 ကို လွှဲခိုင်းခဲ့ပါတယ်။

ငွေကြိုလွှဲခိုင်းတဲ့ ဘဏ်အကောင့်နံပါတ် ဒီမှာကြည့်ပါ။

အဲဒီဘဏ်အကောင့်ကို ဆက်ပြီးလေ့လာကြည့်ရာမှာတော့ နာမည်ရပြီးသား လုပ်ငန်းတွေရဲ့ Facebook Page တွေနဲ့ ပုံစံတူ Page အတုတွေဖန်တီးပြီး ငွေကြေးလိမ်လည်ထားတာကို စိစစ်တွေ့ရှိခဲ့ပါတယ်။

မွန်ပြည်နယ်‌ ရေးမြို့မှာ ဖွင့်လှစ်ထားတဲ့ Surprise ပန်းစည်း၊ Surprise Box ဝန်ဆောင်မှုပေးနေတဲ့ NHW Flora & Service လုပ်ငန်းနာမည်ကို အသုံးချ ငွေလိမ်တာလည်း တွေ့ရပါတယ်။

NHW Flora & Service အမည်နဲ့ Page အတုဖွင့်ပြီး ငွေ‌ကြိုတောင်း၊ အော်ဒါလက်ခံပြီး ဘာပစ္စည်းမှ မပို့မပေးဘဲ လိမ်လည်ခဲ့တာပါ။

အဲဒီလိမ်လည်မှုမှာလည်း Aung Myo Tun နာမည်နဲ့ဖွင့်ထားတဲ့ SCB ထိုင်းဘဏ်အကောင့်နံပါတ် 0324841676 ကို အသုံးပြုထားတာကို တွေ့ရပါတယ်။

အခုလို လိမ်လည်နေတဲ့အကြောင်း NHW Flora & Service ပိုင်ရှင်ကိုယ်တိုင်ရေးသားထားတဲ့ မူရင်းပိုစ့်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။  

ဒီအချက်အလက်တွေကြောင့် Aung Myo Tun နာမည်နဲ့ဖွင့်ထားတဲ့ SCB ထိုင်းဘဏ်အကောင့်နံပါတ် ၀၃၂၄၈၄၁၆၇၆ ပိုင်ရှင်ဟာ ငွေကြေးလိမ်လည်နေသူတစ်ဦးဆိုတာ သိသာစေပါတယ်။

တဆက်တည်းမှာပဲ အဲဒီဘဏ်အကောင့်ပိုင်ရှင်ဟာ Thailand & Myanmar ကာစီကွန် – Online ချေးငွေရုံး Page အတုကိုလည်း ဖွင့်လှစ်ထားပါတယ်။

ဒါကြောင့် Thailand & Myanmar ကာစီကွန် – Online ချေးငွေရုံး Page အတုကို ဆက်သွယ်ပြီး ငွေမချေးကြဖို့၊ ချေးမိရင် ချေးငွေမရဘဲ လျှောက်လွှာကြေး၊ အသင်းဝင်ကြေး ထည့်ရမယ့် ကိုယ့်ငွေတွေပဲ အလိမ်ခံထိမှာဖြစ်ပါတယ်။

နောက်ထပ်လည်း ချေးငွေအကြောင်းပြ ငွေကြေးလိမ်လည်ဖို့ရည်ရွယ်ပြီး ထိုင်းဘဏ်နာမည်တွေနဲ့ ဖွင့်ထားတဲ့ Page အတုတွေရှိပါသေးတယ်။

ထိုင်း-မြန်မာ ကာစီကွန် Online ချေးငွေရုံးခွဲ Page အတု အကြောင်း

Thailand & Myanmar ကာစီကွန် – Online ချေးငွေရုံးဆိုတဲ့ Page အတုနဲ့ Thailand & Myanmar ကို မြန်မာဘာသာစကားနဲ့ ရေးထားတာကလွဲရင် အမည်အတူတူဖြစ်တဲ့ ထိုင်း-မြန်မာ ကာစီကွန် Online ချေးငွေရုံးခွဲ နာမည်နဲ့ ဒီ Page အတုတစ်ခုလည်း တွေ့ရပါတယ်။

ဒီ Page ကိုတော့ Like and Follow နှစ်ထောင်ကျော်ရှိပါတယ်။

ထိုင်း-မြန်မာ ကာစီကွန် – Online ချေးငွေရုံး Page ကို ၂၀၂၃ ဇူလိုင်လ ၁၇ ရက်မှာ ဖွင့်ထားတာပါ။

အပေါ်မှာ ဖော်ပြထားတဲ့ Thailand & Myanmar ကာစီကွန် – Online ချေးငွေရုံး Page အတုက ၂၀၂၃ ဇူလိုင်လ ၁၅ ရက်မှာ ဖွင့်ထားတာပါ။ တစ်ရက်ခြားပြီး ဇူလိုင်လ ၁၇ ရက်မှာတော့ အခုဖော်ပြမယ့် ထိုင်း-မြန်မာ ကာစီကွန် Online ချေးငွေရုံးခွဲ Page အတုကို ဖွင့်ထားတာပါ။

ဒီ Page အတုနှစ်ခုဖွင့်ထားတာဟာ နှစ်ရက်ပဲကွာသလို နာမည်ကလည်းဆင်တူပါတယ်။ မြန်မာနဲ့ အင်္ဂလိပ်လိုပဲ ကွာခြားသွားတာပါ။

ထိုင်း-မြန်မာ ကာစီကွန် Online ချေးငွေရုံးခွဲ Page အတုကိုလည်း Dawei Watch သတင်းထောက်က ငွေချေးမည့်သူဟန်ဆောင်ပြီး ဘဏ်အချက်အလက်တွေမေးကြည့်ပေမယ့် အသေးစိတ်ကို ပြန်မဖြေပါဘူး။

အဲဒီ Page အတုကို သေသေချာချာ လေ့လာကြည့်ရာမှာတော့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီက ငွေကြေးလိမ်လည်ထားတဲ့ အထောက်အထားတွေကို တွေ့ခဲ့ရပြန်ပါတယ်။

ထိုင်းရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတွေက စာရွက်စာတမ်းဖိုးငွေချေပြီး ချေးငွေမရတဲ့အကြောင်း အဲဒီ Page အတုရဲ့ Review မှာ ဝင်ရေးသားထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ခြုံငုံသုံးသပ်ချက်

ထိုင်းဘဏ်နာမည်တွေကို အသုံးချပြီး Page အတုတွေဖွင့် ပြီးရင် ငွေချေးပေးတယ်လို့ မက်လုံးပေးပါတယ်။

ပြီးရင် စာရွက်စာတမ်းကြေး၊ အသင်းဝင်ကြေးတွေ ကြိုတောင်းပြီး လိမ်လည်သွားခဲ့တာကို တွေ့ရပါတယ်။

လူတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုတည်းက နာမည်အမျိုး၊ ပုံစံအမျိုးမျိုးနဲ့ Page အတုတွေ အမြောက်အများဖွင့်ပြီး ငွေကြေးလိမ်လည်ကြနေလို့ သုံးသပ်ရပါတယ်။

ဒီလိုမျိုး Page အတုဖွင့်ပြီး ငွေလိမ်တာနည်းလမ်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသလို
မြန်မာ ပြည်တွင်းမှာလည်း အလားတူ ဘဏ်နာမည်တွေသုံးပြီး ငွေလိမ်ကြတာတွေရှိပါတယ်။

ဒီအကြောင်းကို “သတိထားရမယ့် ချေးငွေအကြောင်းပြ ငွေလိမ်လည်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ Dawei Watch က အချက်အလက်စစ်ဆေး ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အကြံပြုချက်

မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမှ ခိုင်မာတဲ့ပစ္စည်း၊ အာမခံချက်တွေ မရှိဘဲ မှတ်ပုံတင်၊ အိမ်ထောင်စုပြရုံနဲ့ ငွေကြေးကို လွယ်လွယ်ကူကူ ချေးငှားလေ့မရှိပါ။ အထူးသဖြင့် ဘယ်သူ၊ ဘယ်ဝါမှန်း မသိနိုင်တဲ့ အွန်လိုင်းပေါ်ကနေပြီး ငွေချေးပေးတယ်ဆိုတာ ပိုပြီး မဖြစ်နိုင်ပါဘူး။

လွယ်လွယ်ကူကူ ငွေချေးပေးနေတယ်ဆိုရင် အဲဒါ လိမ်လည်တာဖြစ်နိုင်လို့ သတိထားရပါမယ်။

အထူးသတိထားရမှာက ချေးငွေ ကိုယ့်လက်ထဲ မရောက်သေးခင် ကိုယ့်ရဲ့ငွေကို ကြိုတင် မလွှဲမိစေဖို့ပဲ ဖြစ်ပါတယ်။

ငွေမချေးခင် အသိ‌မိတ်ဆွေ၊ မိသားစုဝင်တွေ၊ တတ်သိနားလည်တဲ့သူတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့ Facebook ပေါ်မှာတွေတဲ့ ချေးငွေမက်လုံးပေးတာတွေကို ချက်ချင်းမယုံကြည်ဖို့ အကြုံပြုလိုပါတယ်။  

လိမ်လည်မှု၊ သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ အယူအဆမှား စတာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။