ထိုင်းတွင် စက်ရုံပိတ်သိမ်းသဖြင့် မြန်မာလုပ်သား ၁၃၀ကျော် အလုပ်ရပ်နားခံရ

0
1017

ထိုင်းနိုင်ငံ လှဘူရီခရိုင်ရှိ အထည်ချုပ်စက်ရုံ ပိတ်သိမ်းသဖြင့် မြန်မာအလုပ်သမား ၁၃၅ ဦး ရုတ်တရက် အလုပ်မှ ရပ်နားခံလိုက်ရကြောင်း မြန်မာအလုပ်သမားများနှင့် AAC မဟာမိတ်အဖွဲ့တို့ထံမှ သိရသည်။

စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၂၅၀ လုံးကို အလုပ်ရှင်ဘက်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရုတ်တရက်အလုပ်က ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။

“တရားဝင် အသိပေးခြင်းမရှိဘဲနဲ့ ထုတ်လိုက်တာပေါ့။ Messager ကနေ Line တွေကနေပေါ့နော်။ စက်ရုံ ပိတ်လိုက်ပြီ။ မလာနဲ့တော့ပေါ့။ အဲဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် Group တွေထဲ ပြောဆိုလာတာ” ဟု အလုပ်ထုတ်ခံရသော အလုပ်သမားတစ်ဦးက ပြောသည်။

၎င်းတို့သည် အောက်တိုဘာ ၁၈ ရက်နေ့အထိ အလုပ်ဆင်းခဲ့ကြပြီး စက်ရုံဘက်က ထိုင်းအလုပ်ပိတ်ရက် ၄ ရက် အတွင်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်က ရပ်နားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အလုပ်သမားများသည် လွန်ခဲ့သော ၃ လခန့်မှစ၍ တစ်ပတ်လျှင် ၄ ရက်အလုပ်ဆင်း ၃ ရက် အလုပ်နားပုံစံမျိုးဖြင့် လုပ်ကိုင်ခဲ့ရပြီးနောက် ယခုအချိန်တွင် စက်ရုံ ပိတ်သိမ်းသည်ဟု ပြောဆိုလာခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

မြန်မာအလုပ်သမားများတွင် လုပ်သက် ၁၅ နှစ်အထိ လုပ်ကိုင်ခဲ့သော နှစ်ကြီးအလုပ်သမားများလည်း ပါဝင်ကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်သမားများ ရသင့်ရထိုက်သည့် နစ်နာကြေးများကို အလုပ်ရှင်ဘက်က သုံးဖြတ် ခွဲ၍ ၃ လအတွင်း ပေးသွား မည်ဟု ကနဦးညှိနှိုင်းထားပြီး နစ်နာကြေးမည်မျှပေးမည်ကိုမူ ပြောဆိုခြင်း မရှိသေးကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

မြန်မာအလုပ်သမားများတွင် တရားဝင် MoU စနစ်ဖြင့် လာရောက်သည့် အလုပ်သမားများနှင့် ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသူများ ပါဝင်ကြောင်း အလုပ်သမားများထံမှသိရသည်။

အလုပ်ရှင်မှ ကနဦးညှိနှိုင်းထားသည်များကို အလုပ်သမားများက မယုံကြည်နိုင်သေးသဖြင့် ကူညီဖြေရှင်းပေးရန် AAC မဟာမိတ်အဖွဲ့ တောင်းဆိုခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင် အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးရုံးတွင် သွားရောက်ညှိနှိုင်းခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် အလုပ်မှ ရပ်နားခံရသော မြန်မာအလုပ်သမားများ ထိုင်းဥပဒေနှင့်အညီ နစ်နာကြေးများရရှိရန် AAC မဟာမိတ်အဖွဲ့က ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။