ထားဝယ်အရှေ့မြောက်ဘက် ရွာများသို့သွားသည့်လမ်းပိုင်းများကို စစ်ကောင်စီတပ်ပိတ်ထား

0
1154

ထားဝယ်မြို့၏ အရှေ့မြောက်ဘက်တွင်ရှိသည့် ပဒိုင်းချောင်း၊ ခေါင်တိုင်ပြင်၊ မြင်းမတပ်၊ ပခပ်အင်း၊ ကင်းကုန်း၊ ရေဝိုင်းကျေးရွာတို့ကိုသွားသည့် ‌လမ်းပိုင်းများကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး သွားလာ ခွင့်မပြုတော့ကြောင်း ဒေသခံများက ပြောသည်။

မောင်မယ်ရှောင်-ရေဝိုင်းလမ်းပိုင်းနှင့် ဇဟာ-ရေဝိုင်းလမ်းပိုင်းတို့ကို ယမန်နေ့ကစပြီး သွားလာခွင့်မပြုတော့ဘဲ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အဝင်ရော အထွက်ရောမရဘူး။ သွားချင်ရင် တခြားလမ်းကသွားလို့တော့ သူတို့ကပြောတယ်” ဟု ၎င်းက ပြောသည်။

အထက်ပါလမ်းပိုင်းများ ပိတ်ထားသောကြောင့် ဒေသခံပြည်သူများ၏ စားနပ်‌ရိက္ခာ သယ်ယူခြင်းနှင့် ဆေးဝါးကုသခြင်းများတွင် အခက်အခဲရှိလာနိုင်ကြောင်း အခြားဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ထားဝယ်တွင် ကျပ်ရှစ်သောင်းကျော် ဈေးရှိသည့် ဆန်ကြမ်းတစ်အိတ်ကို ကျပ်တစ်သိန်းကျော်ဖြင့် ဝယ်ယူနေရချိန် ယခုကဲ့သို့ လမ်းပိတ်ထားခြင်းကြောင့် ဆန်ဈေးထပ်တက်လာမည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့က မောင်မယ်ရှောင်-ဇီးကျလမ်းပိုင်းတွင် ထားဝယ် ထောင်ဝန်ထမ်းနှစ်ဦးကို DGRF အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ရုပ်သံမှတ်တမ်းကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် DGRF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်ထွက်လာပြီး နာရီပိုင်းအကြာတွင် ရေဝိုင်းရွာသို့သွားသည့် ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီက စတင်ပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထားဝယ်အရှေ့တောဒေသသို့ ဆန်သယ်ယူခွင့်ကိုလည်း စစ်ကောင်စီတပ်က ကန့်သတ်ပိတ်ဆို့ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်ကစပြီး ရေဝိုင်းရွာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် PDF တို့ကြား ထိတွေ့မှု များဖြစ်ပွားခဲ့သည်။

ယင်းထိတွေ့မှုများတွင် DGRF အဖွဲ့၏ စခန်းငယ်တစ်ခုသိမ်းခံရပြီး ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း DGRF အဖွဲ့ထုတ်ပြန်ချက်အရသိရသည်။

ယင်းထိတွေ့မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း သေဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်ကဆိုထားသည်။

ထိုထိတွေ့မှုများကြောင့် ထားဝယ်အရှေ့မြောက်ဘက်ရွာများမှ ထောင်ချီသည့် ဒေသခံများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး နေအိမ်အချို့မှာလည်း မီးရှို့ ခံခဲ့ရသည်။