တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
863

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ

စစ်ဆင်ရေး ၁၀၂၇ နဲ့ ပြင်းထန်နေတဲ့ ရှမ်းမြောက်စစ်ရေး

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်သုံးဖွဲ့ပူးပေါင်းပြီးတော့ စစ်ဆင်ရေးလုပ်နေတာကြောင့် စစ်ရေးပြင်းထန်နေပြီး တရုတ်-မြန်မာကုန်သွယ်ရေးလမ်းလည်း ပြတ်တောက်သွားပါပြီ။

၁ဝလပိုင်း ၂၇ရက်ကိုအစွဲပြုပြီး ၁၀၂၇ စစ်ဆင်ရေးကို ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA ၊ ရခိုင်အဖွဲ့ AAတို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၇ရက် နံနက် ၄ နာရီမှာ စတင်ခဲ့တာပါ။ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း စတဲ့ မြို့နယ်တွေမှာ ရှိတဲ့ စစ်ကောင်စီတပ်နှင့် လက်အောက်ခံစခန်းတွေကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လားရှိုးကနေ တရုတ်နယ်စပ် ချင်းရွှေဟော်၊ လားရှိုးကနေ မူဆယ်အထိ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲဒီ မနက်မှာပဲ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ချင်းရွှေဟော်မြို့ကို MNDAA သိမ်းပိုက်လိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ တရုတ်-မြန်မာကုန်သွယ်လမ်းတွေဖြစ်တဲ့ လားရှိုး-ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမတွေကို MNDAA က အရေးပေါ်ပိတ်လိုက်ပါတယ်။

လားရှိုးကနေ စစ်ကူမလာနိုင်အောင် ပိတ်လိုက်တာဖြစ်ပြီး ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို ပစ်ခတ်တိုက်ခိုက် မယ်လို့လည်း သတိပေးထားပါတယ်။ နောက်တစ်ခါ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုဟန်ကနေ စစ်ကူမလာနိုင်အောင်လည်း နမ့်တိမ်တံတားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ ချင်းရွှေဟော် ဒေသခံတွေကတော့ UWSA ‘ဝ’ ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

လားရှိုးမှာဆိုရင် မြို့အထွက်တိုးဂိတ်၊ ပြည်သူ့စစ်ခန်းတွေ စီးနင်းတိုက်ခိုက်ခံရသလို နမ့်ခမ်းမှာဆိုရင်လည်း စစ်ကောင်စီစခန်းနှစ်ခုကို TNLA က သိမ်းပိုက်လိုက်ပါတယ်။ လားရှိုးလေဆိပ်ကို ပိတ်ထားပြီး စစ်လေယာဉ်တွေပဲ အတက်အဆင်း လုပ်နေတယ်လို့ သိရပါတယ်။

ပြည်သူလူထုကိုကာကွယ်ဖို့၊ မဟာမိတ်တပ်တွေအပေါ် စစ်ကောင်စီတိုက်ခိုက်နေတာကို ဟန့်တားဖို့၊ စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ဖို့၊ တရုတ်-မြန်မာနယ်စပ်အပါအဝင် ပြည်တွင်းမှာ ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု (ကျဖျင်) ကုမ္ပဏီတွေကို နှိမ်နှင်းဖို့ ဒီစစ်ဆင်ရေးကို လုပ်တာလို့ မဟာမိတ်တွေဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ တရုတ်နယ်စပ်မှာရှိတဲ့အတွက် ချင်းရွှေဟော်ကို ကိုင်တွယ်ရခက်ခဲနေပြီး အခုတိုက်ခိုက်ခံနေရတာကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတယ်လို့ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ဆောင်နေပြီး အောက်တိုဘာလ ၂၈ရက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၈ ရက်မှာလည်း တပ်စခန်းတွေ ထပ်မံသိမ်းပိုက်နေသလို စစ်ကူလာတဲ့ သံချပ်ကာ နှစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ MNDAA ဘက်က ထုတ်ပြန်ပါတယ်။

တိုက်ပွဲကြောင့် အရပ်သား သေဆုံးထိခိုက်တာတွေလည်းရှိနေပါတယ်။ 

တရုတ်နိုင်ငံဘက်ကတော့ ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်နေတာကို အမြန်ဆုံးရပ်ဆိုင်းပြီး နှစ်ဖက်ဆွေးနွေးကြဖို့ တိုက်တွန်းထားပါတယ်။

……………………………………

သုံးနှစ်ကျော်ကြာ ပိတ်ထားတဲ့ လူတွေ့ထောင်ဝင်စာ ပြန်ခွင့်ပြု

ကိုဗစ်ကပ်ဘေးကာလ ၂၀၂၀ ကပင် ပိတ်ပင်ထားတဲ့ လူတွေ့ထောင်ဝင်စာကို အောက်တိုဘာလ ၂၄ ရက်မှ စတင်ပြန်လည်ခွင့်ပြုလိုက်ပါတယ်။

ကိုဗစ်ကန့်သတ်ချက်တွေကို စစ်ကောင်စီက ဖြေလျှော့ပေးခဲ့ပေမယ့် ထောင်ဝင်စာဧည့်တွေ့ခွင့်တော့ ဆက်လက် ပိတ်ပင်ထားရာကနေ အခုပြန်လည်ခွင့်ပြုလာတာပါ။ ဒီလို ပိတ်ပင်ထားတာဟာ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေ တွေ့ခွင့်မရအောင် လုပ်တာလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ပြန်လည်ခွင့်ပြုချိန်မှာတော့ ကန့်သတ်ချက်တွေ ပါဝင်လာပါတယ်။ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုမူရင်း၊ ကိုဗစ် ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်အပြင် ရပ်ကွက်နဲ့ ရဲစခန်း ထောက်ခံစာပါလိုအပ်တယ်လို့ ထည့်သွင်းထားတာပါ။ ဥပဒေအရ တစ်လနှစ်ကြိမ်တွေ့ခွင့် ပေးထားပေမယ့် အခုတော့ တစ်လတစ်ကြိမ်ပဲ တွေ့ခွင့်ပေးတယ်လို့ သိရပါတယ်။

ကနဦးမှာ အကျဉ်းထောင်ငယ်တွေပဲ လူတွေ့ထောင်ဝင်စာ ခွင့်ပြုထားပြီး အင်းစိန်အပါအဝင် ထောင်ကြီးတွေမှာတော့ နိုဝင်ဘာလ လဆန်းပိုင်းမှ ခွင့်ပြုမယ်လို့လည်း သိရပါတယ်။

လူတွေ့ထောင်ဝင်စာ ခွင့်ပြုလိုက်ပေမယ့် သေဒဏ်နဲ့ တစ်သက်တစ်ကျွန်းကျခံနေရသူတွေကို ထောင်ဝင်စာတွေ့ခွင့် ခွင့်မပြုသေးဘူးလို့ Myanmar Now သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ 

အခုလို လူတွေ့ထောင်ဝင်စာခွင့်ပြုတာဟာ နိုင်ငံတကာဖိအား လျော့ကျအောင်လုပ်တာဖြစ်နိုင်ပြီး လူဦးရေ၊ တွေ့ခွင်ပြုသည့်အချိန်၊ မိသားစုဝင်ဖြစ်ရမယ် စတဲ့ ကန့်သတ်ချက်တွေ များလွန်းတာကြောင့် မိသားစုဝင်တွေ တွေ့ခွင့်ရဖို့ အခက်အခဲများစွာ ကြုံရနိုင်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

……………………………………

မြန်မာစစ်ခေါင်းဆောင်တွေကို ဖိလစ်ပိုင်တရားရုံးမှာ တရားစွဲဖို့လျှောက်ထား

မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင် ၁၀ဦးကို ဖိလစ်ပိုင်နိုင်ငံ တရားရေးဌာနမှာ တရားစွဲဆိုဖို့ ချင်လူမျိုးငါးဦးက တရားလိုလုပ်ပြီး လျှောက်ထားလိုက်ပါတယ်။

၂၀၂၁ ခုနှစ်က ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်က နေအိမ်တွေ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တာ၊ အကူအညီပေးရေးပစ္စည်းတွေကို လက်နက်သဖွယ် အသုံးချတာတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးအရေးယူဖို့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ လျှောက်ထားလိုက်တာပါ။

အခုလို လျှောက်ထားတာကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နဲ့ မြန်မာနိုင်ငံ တာဝန်ခံမှုစီမံချက် (MAP) အဖွဲ့တို့က သတင်းထုတ်ပြန်ထားပါတယ်။

ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူဟာ ဖိလစ်ပိုင်နိုင်ငံသား မဟုတ်ရင်လည်း တိုင်ကြားလာရင် အရေးယူဆောင်ရွက်ရမယ် လို့ ပြဋ္ဌာန်းချက်ပါတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာအက်ဥပဒေအရ အခုလိုတိုင်ကြားတာ လည်း ဖြစ်ပါတယ်။

တရားစွဲဖို့ လျှောက်ထားတဲ့ တရားလိုတွေထဲမှာ ထန်တလန်ဖြစ်စဉ်မှာ နစ်နာသူတွေရဲ့ မိသားစုဝင်နှစ်ဦးလည်း ပါဝင်ပါတယ်။

……………………………………

တိုက်ပွဲအကြိမ်ရေ တစ်သောင်းကျော်ဖြစ်

အာဏာသိမ်းမှုအလွန် ၂နှစ်ကျော်ကာလမှာ တိုက်ပွဲအကြိမ်ရေ ၁၁,၀၀၀ ကျော် ဖြစ်ပွားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်အထိ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒီနှစ် ကိုးလကျော်ကာလအတွင်းမှာ တိုက်ပွဲအကြိမ် ၂၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အဲဒီထဲက ထက်ဝက်နီးပါးက စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ဒေသခံပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား ဖြစ်ပွားခဲ့တာပါ။

နောက် ၄၁ ရာခိုင်နှုန်းကျော်ကတော့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားတာလို့ ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား အချင်းချင်းဖြစ်ပွားတာတွေလည်း ရှိနေပါတယ်။

……………………………………

လေကြောင်းတိုက်ခိုက် တစ်ရက် နှစ်ကြိမ်နှုန်းရှိတယ်လို့ ထုတ်ပြန်

ပုံစာ – စစ်ရေးလေ့ကျင့်နေတဲ့ တိုက်လေယာဉ်နှစ်စီး။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဟာ တစ်ရက်နှစ်ကြိမ်နှုန်းရှိနေတယ်လို့ ဉာဏ်လင်းသစ် သုသေတနအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနှစ် မေလကနေ ဩဂုတ်လအထိ ရက်ပေါင်း ၁၂၃ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၇၂ ကြိမ်ရှိခဲ့တဲ့အတွက် တစ်ရက် နှစ်ကြိမ်နှုန်းရှိနေတာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၇၀ ကျော် သေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရခဲ့တယ်တဲ့အပြင် ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ တိုက်ခိုက်မှုတွေဟာ ကရင်နီနဲ့ စစ်ကိုင်းမှာ အများဆုံးဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ကိုးရာကျော်ရှိခဲ့ပြီး အရပ်သား ၆၈၀ ကျော် သေဆုံးခဲ့ရတယ်လို့လည်း အောက်တိုဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

……………………………………