၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းမြောက်ပိုင်းရှိ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကိုဝင်တိုက်

0
985
ပုံစာ - MNDAA ဒုစစ်ဦးစီးချူပ်(ဗျူဟာမှူး)ဖုန်သက်ကျွင်း ရှေ့တန်းစစ်မြေပြင်တွင်လိုက်ပါကွပ်ကဲ/ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်တပ်သားနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ။ ဓာတ်ပုံ - Kokang

၁၀၂၇ စစ်ဆင်ရေးအဖြစ် ကိုးကန့် (MNDAA) ၊ ရခိုင့်တပ်တော် (AA) နှင့် တအောင်း (TNLA) တို့ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ယနေ့နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့များကထုတ်ပြန်သည်။

ညီနောင်မဟာမိတ်တပ်များက လားရှိုးမြို့၊ ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်လမ်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များနှင့် စစ်စခန်းများကို တစ်ချိန်တည်းတွင် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကိုးကန့်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းအချို့ကို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးပြီး အချို့ကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု The Kokang ကလည်း ဓာတ်ပုံများနှင့်တကွထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဒေသခံများနှင့် ၎င်းတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများ ဟန့်တားနိုင်ရေး၊ မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်လောင်းကစားနှင့် လိမ်လည်မှုများ ပပျောက်ရေး စသည်တို့အတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲခြင်းဖြစ်ကြောင်း ယနေ့တွင် တရားဝင်ထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း “ရှမ်းမြောက်ဒေသတခွင်လုံးနေရာစုံ ဒီမနက် ၄ နာရီစပြီး မြောက်ပိုင်းမဟာမိတ်များ ထိုးစစ်စနေပြီ” ဟု ၎င်း၏ လူမှုကွန်ရက်ဖေ့ဘွတ်ခ်တွင် ရေးသားထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့များ သေဆုံးမှုများပြားသလို အရှင်ဖမ်းမိသူများလည်းရှိကြောင်း The 74 Media မီဒီယာတွင် ဖော်ပြထားသည်။

လက်ရှိတွင် တော်လှန်ရေးတပ်များက ချင်းရွှေဟော်မြို့နှင့် ဖောင်ဆိပ်နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်လိုက်သည်ဟု သတင်းများထွက်ပေါ်နေသည့်အပြင် လားရှိုးမြို့အနီးရှိ စစ်ဆေးရေးဂိတ်ကိုလည်း တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီး ပျက်စီးနေသည့် ရုပ်သံမှတ်တမ်းများလည်း ပျံ့နှံ့နေသည်။

ကျန်သည့် နေရာအနှံအပြားက စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။