အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာ ၄ ဦး နစ်နာကြေး ဘတ် ၂ သိန်းကျော်ရရှိ

0
721

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့ အိတ်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၄ ဦးကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခဲ့မှုအတွက် နစ်နာကြေးငွေ ဘတ် ၂ သိန်းကျော်ရရှိခဲ့ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား ၇၀ ခန့်လုပ်ကိုင်နေသော မဲဆောက်မြို့ ဝါစကင်းရွာရှိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၄ ဦးကို အလုပ်ရှင်က ကြိုတင်အကြောင်းကြားမှုမရှိဘဲ ဩဂုတ်လ ၂၂ ရက်နေ့တွင် အလုပ်ထုတ်လိုက်ကြောင်း သိရသည်။

လုပ်ငန်းခွင်တွင် အခြေခံလုပ်အားခမရရှိသည့်အပြင် အလုပ်ချိန်အပါအဝင် အလုပ်ခွဲဝေမှုနှင့် ဖိအားပေးခိုင်းစေခံနေရသော အခြေအနေကို အလုပ်ရှင်ထံ ညှိနှိုင်းပြောဆိုရာမှ လက်မခံဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဩဂုတ်လ ၂၃ ရက်နေ့တွင် ဥပဒေအရ ဆောင်ရွက်ပေးရန် အလုပ်သမားများက ရောင်ခြည်ဦးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ပြီး Labour Law Clinic – LLC (အလုပ်သမားရှေ့နေရုံး)မှ တစ်ဆင့် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆဝါဒီကန်) သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခဲ့သဖြင့် နစ်နာကြေးနှင့် လုပ်သက်နစ်နာကြေးများအတွက် ဆဝါဒီကန်ရုံးတွင် အလုပ်ရှင် အလုပ်သမားတွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့တွင် နစ်နာကြေး ဘတ် ၂၂၀၀၀၀ ကိုပေးလျော်ခဲ့ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

 “လုပ်အားခကအပြည့်မရဘူး။ အဲဒါကြောင့်မို့ နစ်နာကြေးတွေမှာ ပေါင်းပြီးရလာတာ။ ၄ ယောက်တည်းနဲ့ နှစ်သိန်းကျော်ရတယ်ဆိုတာ အဲဒါကြောင့်ရတာ” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမှုကို ဩဂုတ်လတွင် တိုင်ကြားခဲ့ပြီးနောက် ၂ လကျော်အကြာတွင်မှ နစ်နာကြေး ၂သိန်း ၂သောင်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာအလုပ်သမားများသည် တစ်နေ့လုပ်အားခအနေဖြင့် ဘတ် ၂၅၀ သာရရှိခဲ့ပြီး စက်ရုံအတွင်း ခက်ခဲသောပွိုင့်များကို ခိုင်းစေခဲ့ပြီးနောက် သတ်မှတ်အရေအတွက် ပြီးစီးအောင် မချုပ်နိုင်ပါက လုပ်အားခလျှော့ချသည့်ပုံစံမျိုး ဖြစ်သည်ကို မြင်တွေ့ခဲ့ရကြောင်း ၎င်းကဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံက သတ်မှတ်ထားသော အခြေခံလုပ်အားခအတိုင်း ရရှိသူနည်းပါးသလို အချိန်ပိုကြေးများကိုလည်း ဥပဒေအတိုင်း တွက်ချက်ပေးမှု အားနည်းကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

နယ်စပ် တာခ့်ခရိုင်တွင် မြန်မာအလုပ်သမား ၅ သိန်းခန့်ရှိပြီး ၎င်းတို့အနက် ၄ သိန်းကျော်က သတ်မှတ်ထားသော အခြေခံလုပ်အားခပင် မရရှိခြင်းများ ရှိနေသည်ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် သိရှိခဲ့ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။