ထားဝယ်သပိတ်မျှောပွဲလုပ်မည့် နေရာအနီး ဗုံးပေါက်

0
850
ပုံစာ - ထားဝယ်ကမ်းနားလမ်း သဲဆိပ်အနီး (2020ပြည့်နှစ် ဧပြီလက ရိုက်ကူးထားသည့် ပုံအဟောင်းဖြစ်သည်)

ထားဝယ်ရိုးရာ သပိတ်မျှောပွဲလုပ်မည့် ထားဝယ်ကမ်းနားလမ်း သဲဆိပ်အနီးတွင် (ယနေ့) အောက်တိုဘာလ ၂၅ ရက် မနက်က ဗုံးပေါက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပေါက်ကွဲမှုမှာ မပြင်းထန်သည့်အတွက် အနီးအနားနေသူအချို့ပင် မသိလိုက်ရကြောင်း ဒေသခံအချို့က ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် သဲဆိပ်အနီးရှိ တံတားထိပ်တွင် ‌စစ်ကောင်စီတပ်သားဆယ်ဦးခန့် ရောက်ရှိနေကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ကျွန်တော်သွားကြည့်တာ Vigo ကားတစ်စီးနဲ့ (စစ်ကောင်စီတပ်သား) ဆယ်ယောက်ကျော်လောက်ရှိနေတယ်။ လက်ထဲမှာလည်း ထွန်ခြစ်လိုဟာမျိုး နှစ်ခုကိုင်ထားတာတွေ့တယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းအရ ထားဝယ်ကမ်းနားလမ်းရှိ မြောင်းပုလဲတံတားအောက်တွင် ထောင်ထားသည့် အချိန်ကိုက်ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မပေါက်ကွဲသေးသည့်ဗုံးများလည်း ထပ်တွေ့ရသည်ဟု ဆိုသည်။

ပေါက်ကွဲမှုအခြေအနေ အသေးစိတ်နှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဆိုသည့် အအကြောင်းအရာကိုမူ Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း သီတင်းကျွတ်ကာလအတွင်း စစ်ကောင်စီက စီစဉ်ကျင်းပသည့် သပိတ်မျှောပွဲအပါအဝင် အခြားပွဲလမ်းသဘင်များတွင် ပါဝင်မဆင်နွှဲကြရန် အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်တိုက်တွန်းထားသည်။

ယင်းအပြင် စစ်ကောင်စီနှင့် ပတ်သက်သည့် အဆောက်အအုံ၊မော်တော်ယာဉ်နှင့် စစ်ကောင်စီတပ်သားများအနီး သွားလာခြင်းမပြုရန်လည်း တိုက်တွန်းထားသည်။

စစ်ကောင်စီက နည်းလမ်းမျိုးစုံအသုံးပြုကာ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပုံရိပ်ကိုဖျက်ရန် ပြည်သူများအား အန္တရာယ်ပေးနိုင်သည့်အတွက် ပွဲလမ်းသဘင်များကို မဆင်နွှဲကြရန် ထုတ်ပြန်ချက်က ဆိုသည်။