နှစ်တစ်ရာကျော်သက်တမ်းရှိ မော်လမြိုင် အထက ၉ ကျောင်း မီးထပ်လောင်၊ ရှို့မီးဟုဆို

0
877

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ သက်တမ်းနှစ် ၁၀၀ ကျော်ရှိသည့် အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းဆောင် မီး ထပ်မံလောင်ကျွမ်းကြောင်း မြို့ခံတို့ထံမှ သိရသည်။

ကျောင်းဝင်းအတွင်းရှိ ဦးသာညှင်းဓမ္မာရုံနှင့် နှစ်ထပ်ကွန်ပျူတာ ကျောင်းဆောင်တို့ ယနေ့ အောက်တိုဘာလ ၂၅ရက် နံနက် ၃ နာရီခန့်က မီးစတင်လောင်ကျွမ်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

၄ နာရီ ၄၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မော်လမြိုင်မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဦးသာညှင်းဓမ္မာရုံနဲ့ နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်ကတော့ မီးထဲပါသွားတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်း ကိုတော့ သေချာမသိရသေးဘူး။ သက်ဆိုင်ရာကတော့ စစ်ဆေးနေကြတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။

ကျောင်းပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအရ အမျိုးသမီးတစ်ဦး ကျောင်းထဲသို့ ဝင်ရောက် မီးရှို့သွားသည်ကို တွေ့ရှိရကြောင်း ရပ်ကွက်နေ ပြည်သူတို့က ပြောဆိုသည်။

အသေးစိတ်ကိုမူ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက်နေကြောင်းလည်း ၎င်းတို့က ဆိုသည်။

အဆိုပါမီးလောင်မှုကို မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံမြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် မြို့ခံပြည်သူတို့၏ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ ည ၁၂ နာရီကျော်ကလည်း မော်လမြိုင် အထက (၉) ကျောင်းတစ်ဆောင် မီးလောင်ကျွမ်းခဲ့သေးကြောင်း မြို့ခံတို့ထံမှ သိရသည်။

အမှတ် (၉) အထက ကျောင်းကို ၁၈၉၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ယခု မီးလောင်သွားသည့် ဦးသာညှင်း ဓမ္မာရုံမှာ ၁၉၁၁ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကျောင်း နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်စာစောင်တွင် ဖော်ပြထားသည်။