မြိတ်တွင် မိုးသက်လေပြင်းကြောင့် မြေပြိုပြီး လူနှစ်ဦးပိတ်မိကာ နေအိမ်အချို့ပျက်စီး

0
4080
ပုံစာ - ယနေ့လေပြင်းကြောင့် မြိတ်တွင် နေအိမ်အချို့ ပျက်စီး။

မြိတ်မြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းအချိန်က မိုးသက်လေပြင်းများ ကျရောက်ပြီး မြေပြိုသဖြင့် လူနှစ်ဦးပိတ်ပိကာ နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းကြောင့် စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ ပုလဲသွယ်ရပ်ကွက်တွင် ယနေ့ (စက်တင်ဘာ ၂၈) မနက်ရှစ်နာရီခွဲအချိန်က နေအိမ်တစ်ဆောင်ပေါ်သို့ တောင်မြေပြိုကျသဖြင့် လူနှစ်ဦး ပိတ်မိခဲ့ကြောင်း ယင်းကျေးရွာနေသူအချို့က ပြောပြသည်။

တောင်မြေပြိုကျပြီး ပိတ်မိနေသူနှစ်ဦးအား မြိတ်ခရိုင်မီးသတ်စခန်းဌာနမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

“တောင်မြေက တဖြည်းဖြည်းနဲ့ ပြိုကျဆင်းလာပြီး အိမ်ကို ဖိသွားတာ” ဟု ပုလဲသွယ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အဆိုပါ ‌တောင်မြေပိသွားသည့် နေအိမ်မှ အမျိုးသမီးကြီးတွင် ဒဏ်ရာအချို့ရရှိခဲ့ပြီး ခလေးငယ်(ယောကျာ်း)တစ်ဦး၏ ခြေတောက်‌တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း ပုလဲသွယ်ရပ်ကွက်နေသူက ပြောပြသည်။

တောင်မြေများ ဆက်လက်ပြိုကျလာနေသည့်အတွက် နေအိမ်အချို့အား ပြောင်းရွှေ့ခိုင်းထားကြောင်း ၎င်းက ပြောပြသည်။

ထို့ပြင် မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၃ ရပ်ကွက်တွင် လေပြင်းကြောင့် နေအိမ်အချို့၏ အမိုး၊ အကာနှင့် ခြံစည်းရိုးတို့ ပျက်စီးခဲ့ရကြောင်း ယင်းရပ်ကွက်နေသူအချို့က ဆိုသည်။

“လေပြင်းတိုက်တာက လေပွေလား၊ လေဆင်နှမောင်းလား မသဲကွဲဘူး၊ အိမ်အမိုးသွတ်ပြားတွေ လေပေါ်မှာ ဝဲနေကြတာ” ဟု ဇေယျာသီရိ ၃ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အဆိုပါ လေပြင်းကြောင့် အနည်းဆုံး နေအိမ်သုံးဆောင်ထက်မနည်း ပျက်ဆီးခဲ့ရကြောင်း ၎င်းက ပြောပြသည်။

“အရပ်ထဲကအိမ်တစ်ဆောင်မှာ သွတ်ပြားတွေ ကွာထွက်သွားသေးတယ်” ဟု ရာပြည့်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းများကျရောက်နေကြောင်း မြို့ခံအချို့က ပြောပြသည်။

ယင်းအပြင် မိုးရေများကြောင့် ရပ်ကွက်အချို့ရှိ နေအိမ်များအတွင်း ရေများ ဝင်ရောက်ခြင်း၊ လမ်းမပေါ်တို့တွင် ရေကြီးရေလျှံခြင်းတို့ဖြစ်နေပေါ်နေသဖြင့် စာသင်ကျောင်းအချို့ ပိတ်ထားကြောင်း မြို့ခံအချို့က ပြောပြသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် နောက်နှစ်ရက်အတွင်း မိုးပိုလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာလ ၂၈ ရက် မနက် ခုနှစ်နာရီအချိန်က ထုတ်ပြန်ထားသည်။