မြိတ်တွင် ရေကြီးပြီး စာသင်ကျောင်းအချို့ပိတ်

0
1762
ပုံစာ - ရေနစ်မြုပ်နေသည့် မြေနိမ့်ပိုင်း ရပ်ကွက်အချို့ရှိ လမ်းများ။

မြိတ်မြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး လမ်းမပေါ်တို့တွင် ရေကြီးရေလျှံနေသောကြောင့် စာသင်ကျောင်းအချို့ပိတ်ထားရကြောင်း မြို့ခံတို့က ပြောသည်။

စက်တင်ဘာလ ၂၇ ရက် ညဘက်မှ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းနေကြောင်း မြို့ခံတို့က ဆိုသည်။

“မိုးကောင်းပြီး ကျောင်းထဲ ရေဝင်နေလို့ ကျောင်းတစ်ရက် ပိတ်ထားတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

မြစ်ငယ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၏ မြေညီထပ်ရှိ စာသင်ခန်းများတွင် ရေများ ဝင်ရောက်နေကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ကန်ဖျားရပ်ကွက် မြေနီလမ်းမကြီးတစ်လျှောက် ရေများနစ်မြုပ်နေပြီး ယင်းရပ်ကွက်ရှိ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းရှိ ကျောင်းသားအချို့ ကျောင်းတက်ရောက်နိုင်ခြင်း မရှိကြောင်း ကျောင်းသားမိအချို့က ပြောသည်။

“လမ်းပေါ်မှာ ရေတွေမြုပ်နေတာ ဆိုင်ကယ်မောင်းလို့ကို မရတော့ ကျောင်းမပို့နိုင်တာပါ”

ကျောင်းသားတစ်ဦး၏ မိခင်က ပြောဆိုသည်။

ထို့အပြင် မြေနိပ့်ပိုင်းရပ်ကွက်များဖြစ်ကြသည့် မြို့သစ်၊ ပါရမီ၊ ကန်ဖျား၊ ထားဝယ်ကမ်း၊ ရွှေပြည်တန်၊ မြို့အဝင် ကျောက်ဖြူတောင်လမ်းဆုံအနီး စသည့် ရပ်ကွက်တို့ရှိ နေအိမ်အချို့နှင့် လမ်းတို့တွင် ရေများနစ်မြုပ်နေကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောပြသည်။

“လမ်းပေါ်မှာတော့ ဒူးခေါင်းအထိ မြုပ်တယ်၊ အချို့အိမ်တွေက နိမ့်နိမ့်လေးဆိုတော့ ရေတွေ ဝင်နေကြတာပါ” ဟုပါရမီရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းအထိ မိုအဆက်မပြတ်ရွာသွန်းနေကြောင်း ရပ်ကွက်နေသူအချို့ကဆိုသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေရာမှ အားအလွန်ကောင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇နာရီတွင်ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ် သည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိခဲ့ပြီး အနောက်၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၂၈ ရက်နေ့ ညနေအထိ နေရာကွက်ကာ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းအပြည့်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

နောက်နှစ်ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၌ မိုးပိုလာမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။