ကံပေါက်ရွာအဝင်လမ်း ပြန်လည်သွားလာခွင့်ရ

0
1426
ပုံစာ - ကံပေါက်ဒေသရှိ ခရီးသည်တင်ယာဉ်လိုင်းနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်း ဂိတ်များတည်ရှိသည့် ကျောက်တိုင်လမ်းဆုံကို ၂၀၂၃ ခုနှစ် ဧပြီလက တွေ့ရစဉ်။

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ အဝင်လမ်းကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ရပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

ကံပေါက်ရွာအဝင်ရှိ သစ်တောရုံးလမ်းဆုံ နှင့် ဆင်ကိုးရပ် ရေတံခွန်အဝင်လမ်း အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအနီးတွင် စက်တင်ဘာလ ၂၅ ရက် ညပိုင်းတွင် ပေါက်ကွဲပစ်ခတ်သံများထွက်ပေါ်ပြီးနောက် လမ်းပိတ်ထားခြင်းဖြစ်သည်။

စက်တင်ဘာလ ၂၇ ရက် မွန်းတည့်ပိုင်းကစပြီး စစ်ကောင်စီတပ်က ပြန်လည်သွားလာခွင့်ပြုကြောင်း ဒေသခံများကပြောသည်။

“ မနေ့ ညနေပိုင်းကတည်းက ပိတ်မိနေတဲ့ကားတွေ ဝင်လာတယ်။ အခုမနက်တော့ အားလုံးသွားနေကြပြီ။ ဂိတ်မှာတော့ စစ်သားတွေ အင်အားပိုတိုးထားတယ်“ ဟု စက်တက်ဘာလ ၂၈ ရက် မနက်ပိုင်းက ကံပေါက်သစ်တောရုံးစစ်ဆေးရေးဂိတ်ကို ဖြတ်သွားသည့် ကားသမားတစ်ဦးကပြောသည်။

ကံပေါက်ဒေသမှ ခရီးသည်တင်ယာဉ်လိုင်းများ နှင့် ကုန်စည်ပို့ဆောင်သည့်ယာဉ်လိုင်းများလည်း ပုံမှန်သွားလာနေကြပြီဖြစ်ကြောင်း ၎င်းယာဉ်လိုင်းများထံက သိရသည်။

စက်တင်ဘာလ ၂၅ ရက် ပေါက်ကွဲပစ်ခတ်မှုများဖြစ်ပြီးနောက် ဒဏ်ရာရသည့် စစ်သား၃ ဦးကို ကားဖြင့် တင်ဆောင်သွားသည်ကို မျက်မြင်တွေ့ရှိရသူများက အတည်ပြုပြီး သေဆုံးခြင်းရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

သစ်တောရုံးလမ်းဆုံ ပေါက်ကွဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ် မေးမြန်းရာ ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း အကြောင်းပြန်သည်။

အထက်ပါ ပေါက်ကွဲပစ်ခတ်မှု ဖြစ်စဉ်နှင့် အကြောင်းအရင်းတို့ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။