ကံပေါက်ရွာအဝင်လမ်း စစ်ကောင်စီတပ် ပိတ်ထား

0
1422

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ အဝင်လမ်းကို စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် အစောပိုင်းကတည်းက ပိတ်ထားကြောင်း လမ်းပိုင်းအသုံးပြုနေသည့် ကားသမားများနှင့် ဒေသခံများက ပြောသည်။

ကံပေါက်ရွာထိပ် စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးတွင် စက်တက်ဘာလ ၂၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် ပေါက်ကွဲသံများကြားရပြီးနောက် ပစ်ခတ်သံများ ၁ဝမိနစ်ခန့်ကြာ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။

ယင်းသို့ဖြစ်ပွားပြီးနောက်တစ်ရက် နံနက်တွင် ကျောင်းကြို့ပို့ကားမှလွဲ၍ မည်သည့်ယာဉ်နှင့် လူတို့ကိုမျှ ဖြတ်သန်းသွားလာခွင့်မပေးဘဲ လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“ကားတွေ အကုန်ပြန်လှည့်ခိုင်းတယ်။ အဝင်ရော အထွက်ရောမရဘူး။ အားလုံးပြန်လာကြရတယ်” ဟု ကံပေါက်ရွာမှ ဈေးကားမောင်းသူတစ်ဦးက ပြောဆိုသည်။

ကံပေါက်ဒေသမှ ထားဝယ်မြို့နှင့် မော်လမြိုင်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများလည်း မသွားရတော့ကြောင်း ဒေသခံတို့က ဆိုသည်။

စက်တင်ဘာလ ၂၅ရက်ညက ပေါက်ကွဲသံများ၊ ပစ်ခတ်သံများထွက်ပေါ်ခဲ့သည့် အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

ယခုနှစ် ဧပြီလက ကံပေါက်ရွာအဝင်လမ်းကို စစ်ကောင်စီက ၃ ရက်အကြာပိတ်ခဲ့ဖူးပြီး ဇူလိုင်လ ၁၅ ရက်ကလည်း ကံပေါက်သစ်တောရုံးအနီး မပေါက်ကွဲသေးသည့်မိုင်း၂လုံးတွေ့ရှိသဖြင့် နေ့တစ်ဝက်နီးပါး လမ်းပိတ်ခဲ့ဖူးသည်။