လောင်းလုံးစမ်းလှမ်းရွာသား တစ်ဦး ပစ်သတ်ခံရ

0
2378
ဓာတ်ပုံ - Dawei Defense Team / Guerrilla Dawei

လောင်းလုံးမြို့နယ် စမ်းလှမ်းရွာသား အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ပစ်သတ်ခံရသည်ဟု ဒေသခံများကပြောသည်။

ပစ်သတ်ခံရသူမှာ စမ်းလှမ်းရွာသား ဦးစံရွှေဆိုသူဖြစ်သည်။

လောင်းလုံးမြို့မှ စမ်းလှမ်းရွာသို့ ဆိုင်ကယ်ဖြင့်လာစဉ် လမ်းပိုင်းတစ်နေရာတွင် သေနတ်ဒဏ်ရာများရရှိ၍ ပတ်လက်အနေထားဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ခရီးသွားဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသည့်အတွက်ကြောင့် ဦးစံရွှေမှာ ဦးခေါင်း၊မေးရိုး၊မျက်နှာ စုတ်ပြဲဒဏ်ရာများရရှိ၍ သေဆုံးနေခြင်းဖြစ်ကြောင်း ခရီးသွားဒေသခံတစ်ဦးကပြောသည်။

“လောင်းလုံးကသွားရင် လမ်းရဲ့ညာဘက်မှာ ဆိုင်ကယ်ဘေးမှာ ပတ်လက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်”ဟု ၎င်းကပြောသည်။

ဦးစံရွှေကို PDF ပူးပေါင်းတပ်ဖွဲ့ ဖြစ်သည့် Dawei Defense Team-DDT-တပ်ခွဲ ၃( ထားဝယ်-ပကဖ) အဖွဲ့နှင့် Guerrilla Dawei – ထားဝယ်မြို့ပြပြောက်ကြားတပ်ဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မနေ့(စက်တင်ဘာ ၄)က ထုတ်ပြန်ခဲ့သည်။

ဦးစံရွှေဆိုသူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူလည်းဖြစ်ကာ စစ်ကြောင်းထိုးစဉ် လမ်းပြပေးခြင်း နှင့် စစ်ကြေးကောက်ခံပေးခြင်းများ ပြုလုပ်နေသည့်အတွက်ကြောင့် သတိပေးခဲ့ဖူးသော်လည်း ဆက်လက်လုပ်ဆောင်နေသဖြင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးစံရွှေအား ပစ်ခတ်ရှင်းလင်းစဉ် စစ်ကောင်စီတပ်နှင့် ဆက်သွယ်ထားသည့် ဖုန်းနံပါတ်ပါ ဖုန်းတစ်လုံးနှင့် စာရွက်စာတမ်းအပါဝင် တံဆိပ်တုံး နှစ်ခုကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ဦးစံရွှေ၏ရုပ်အလောင်းကို ယင်းနေ့ ညနေပိုင်းတွင် အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စမ်းလှမ်းရွာတွင် မေလမှ စက်တင်ဘာလအထိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် ပျူစောထီး တစ်ဦး ပစ်သတ်ခံရသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက် က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးဆိုသူ ဦးရဲကလေး ပစ်သတ်ခံရပြီး ဩဂုတ်လ ၁၀ ရက်နေ့တွင် ပျူစောထီး အဖွဲ့ဝင် ကိုဂွမ်မိုးဆိုသူလည်း ပစ်သတ်ခံခဲ့ရသည်။