ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့ ရေကြီး

0
1596
ပုံစာ - ကောင်းမှုရွာလမ်းဆုံရေကျော်နေသည့်မြင်ကွင်း။ Photo – Kaung Hmu Village page

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့တွင် မနေ့(စက်တင်ဘာ ၄)ညပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်။ 

ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုကျေးရွာ ၊ အရှေ့ပိုင်းတွင် တောင်ကျချောင်းရေကြောင့် ဖောင်းတော-ကောင်းမှု လမ်းဆုံတွင် လမ်းမပေါ်ရေကျော်နေကြောင်း ရွာသားများကပြောသည်။

“ လမ်းဆုံက ရေလွှဲပိုက်လုံးက နှစ်လည်းကြာနေပြီ။ အရွယ်လည်းငယ်နေတယ် ။ အဲဒါကြောင့် နှစ်တိုင်းရေကြီးနေတယ်။ အဲဒါပြုပြင်လိုက်ရင်တော့ ရေကြီးတာလျော့သွားလိမ့်မယ် “ဟု ကောင်းမှုရွာသားတစ်ဦးက ပြောသည်။

၂၀၁၉ ခုနှစ်က ၊ ကောင်းမှုရွာတွင် တောင်ကျချောင်းရေကြောင့် တောင်ပြိုမှုဖြစ်ခဲ့ပြီး တံတား၂စင်းကျိုးခဲ့သည်။

ကံပေါက်ကျေးရွာ၊ ရဲရင့်ချောင်း ၊ ဆင်ရံတံတားတွင်လည်း ယနေ့(စက်တင်ဘာ ၅) မနက်ပိုင်းတွင် တံတားပေါ်ရေရောက်နေပြီဖြစ်ကြောင်း ၊ နေ့လယ်ပိုင်းအထိ ရေတိုးလာခြင်းမရှိသေးဘဲ ကားများပုံမှန်သွားလာ၍ ရနေသေးကြောင်း ကားသမားတစ်ဦးကပြောသည်။

ကလိန်အောင်မြို့တွင်မူ ကလိန်အောင်ချောင်းရေ တိုးလာနေသော်လည်း လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုမရှိသေးကြောင်း မြို့ခံတစ်ဦးကပြောသည်။

ယနေ့ နေ့လယ်ပိုင်းအထိ ကံပေါက်ဒေသနှင့် ကလိန်အောင်မြို့ အနီးတဝိုက်တွင် မိုးအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်သည်။

တနင်္သာရီတိုင်း၌ နေရာကွက်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ရှိကြောင်း ၊ မွန်နှင့်တနင်္သာရီကမ်းရိုးတန်းတလျှောက်တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့မနက် ၇ နာရီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ နှင့် ဩဂုတ်လအတွင်း ရေဖြူမြို့နယ် တွင် ရေကြီးရေလျှံမှု ကြောင့် တောင်မြေပြိုမှုတစ်ခုနှင့် တံတားကျိုးကျမှုတစ်ခုဖြစ်ခဲ့သည်။