ရေဖြူရပ်တော်မူဘုရားအနီးရှိ စစ်ကောင်စီဂိတ် ပစ်ခတ်ခံရ

0
1631
ဓာတ်ပုံ - ရေဖြူလူငယ်များသပိတ်ကော်မတီ

ရေဖြူမြို့ ရပ်တော်မူဘုရားအနီး စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်က ဩဂုတ်လ ၂၉ ရက်က လာရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက် မိနစ်အနည်းငယ်ကြာပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်တပ် ဆေးရေးဂိတ်သည် ရေဖြူ ရပ်တော်မူဘုရားအနီး ကျခတ္တာပင်အင်းရွာ၊ သဗြေဇွန်းရွာ သွားလမ်းဆုံတွင် ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်ကို ဩဂုတ်လ ၂၉ ရက် နံနက် ၉ နာရီခန့်က PDF အဖွဲ့ ခြောက်ဖွဲ့ပူးပေါင်း၍ ဝင်ရောင် တိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team -DDT (ထားဝယ်-ပကဖ) အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

နှစ်ဖက်ပစ်ခတ်မှု ဆယ်မိနစ်ခန့် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိ ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုအခြေအနေကို Dawei Watch အနေဖြင့် သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။

အဆိုပါစစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် DDT- တပ်ခွဲ (၃) ၊ ထားဝယ်ခရိုင်တပ်ရင်း (၁) ၊ DGRF တပ်ခွဲ (၄) ၊ ဝေဟင်အဖွဲ့ (ရေဖြူ-ပကဖ) ၊ TPLF၊ နဂါးနီပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အထက်ပါ ထုတ်ပြန်ချက်အရသိရသည်။

မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိတ်လန့်ခဲ့ပြီး စစ်ဆေးရေးဂိတ်နှင့် နှစ်မိုင်ခန့်အကွာရှိ ရေဖြူမြို့စွန်က အခြေခံပညာမူလတန်းတွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများကို မိဘများက လာရောက်ခေါ်ယူကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရုတ်ရုတ်ဆို ဒီလိုပဲဖြစ်တယ်။ ကျောင်းသားတွေ ပြန်သွားခေါ်ရတာနဲ့ ဈေးမသွားတော့ပဲ ပြန်လှည့်ပြေးရတာတွေပေါ့” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က အဆိုပါစစ်ဆေးရေးဂိတ်အနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှု ကြောင့် ဒေသခံပြည်သူလေးဦး ကျည်ဆန်ထိမှန်ခဲ့ပြီး အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။