လောင်းလုံးဘောလုံးကွင်းအနီး အုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံရ

0
1962

လောင်းလုံးမြို့ ဘောလုံးကွင်းအနီးရှိ (ဃ) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၏နေအိမ်ကို လက်နက်ကိုင် အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဩဂုတ်လ ၂၂ ရက် ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ကြခြင်း ဖြစ်ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောသည်။

“တစ်ဖက်တည်း ပစ်တာမဟုတ်ဘူး။ နှစ်ဖက်ပစ်တာ။ အတွဲလိုက်ပါဆွဲနေတာ။ လက်နက်ကြီးလည်းပါတယ်။ (ပတ်ဝန်းကျင်က အိမ်တွေရဲ့) အိမ်ခေါင်မိုးပေါ်တောင် လာစဉ်တယ်” ဟု ယင်းရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

ဦးမင်းသိန်းမှာ NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းကာလ တွင်လည်း စစ်ကောင်စီနှင့်ပူးပေါင်းကာ လက်နက်ကိုင်ဆောင်ထားသည့် ပြည်သူ့စစ်ခေါင်းဆောင် (ခ) ပျူစောထီး ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

၎င်း၏နေအိမ်တွင် ပျူစောထီးများကို တွေ့လေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်က ကားနှစ်စီးဖြင့် ယင်းနေရာသို့ ရောက်ရှိလာကြောင်း ဒေသခံတို့က ဆိုသည်။

“ပစ်သံကြားပြီးတာနဲ့ သိပ်မကြာဘူး။ ပစ်ကူသွားတဲ့ကားနှစ်စီးလာတယ်။ (ဦးမင်းသိန်း) သူ့ကိုသွားခေါ်လာပုံရတယ်” ဟု လောင်းလုံးဒေသခံတစ်ဦးကပြောသည်။

ယခုပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်နှင့် ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှု အခြေနေကို အသေးစိတ် မသိရသေးပေ။

ဦးမင်းသိန်းသည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့်လာစဉ် လမ်း၌ ပစ်ခတ်ခံရကာ ဒဏ်ရာခဲ့သေးသည်။ ယင်းမတိုင်ခင်ကလည်း နှစ်ကြိမ်ထက်မနည်း ပစ်ခတ်ခံရဖူးကြောင်း ဒေသခံတို့ထံမှ သိရသည်။