ပါရာဂွေးခရီးစဉ်အတွင်း ထိုင်ဝမ်ဒုသမ္မတ အမေရိကတွင် တစ်ထောက်နားမှုအပေါ် တရုတ်အစိုးရ ရှုတ်ချ

0
1671

ထိုင်ဝမ် ဒုသမ္မတ ဝီလျံလိုင်သည် ဩဂုတ်လ ၁၂ ရက်နေ့တွင်စတင်သည့် ပါရာဂွေးနိုင်ငံ ခရီးစဉ်ထွက်ခွာရာ လမ်းကြောင်းတွင် အမေရိက၌ ခေတ္တရပ်နားမည် ဖြစ်သည်။

အဆိုပါ အခြေအနေကို အကဲဆတ်သော ခရီးစဉ်အဖြစ် တရုတ်အစိုးရက ရှုတ်ချထားကာ ထိုင်ဝမ်ကျွန်းတဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးပြလှုပ်ရှားမှုများ ပိုမိုတိုးမြင့်လုပ်ဆောင်လာမည် ကို ထိုင်ဝမ်အရာရှိများက စိုးရိမ်ပူပန်နေကြသည်။

ဒုသမ္မတ ဝီလျံလိုင် သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တွင် ကျင်းပသွားမည့် ထိုင်ဝမ် ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာရန် တစ်ပြေးနေသူ လည်း ဖြစ်သည်။ ပါရာဂွေး ၏ သမ္မတသစ် အဖြစ် မစ္စတာ ဆန်တီယာဂို ပီနာ ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ပါရာဂွေးနိုင်ငံသို့ ယခုလို သွားရောက်ခြင်း ဖြစ်သည်။

ထိုင်ဝမ်နှင့်အမေရိကန်တို့၏ သက်ဆိုင်ရာ အစိုးရများကမူ လေယာဉ်ခရီးစဉ်တွင်း ယင်းကဲ့သို့ ခရီးတစ်ထောက်ရပ်နားခြင်းသည် ပုံမှန်ဖြစ်ပြီး တရုတ်အစိုးရအပေါ် ရန်စသည့် လုပ်ရပ်များ လုပ်ဆောင်ရန် အကြောင်းမရှိဟု ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း ပြည်မကြီး အစိုးရမှာမူ အဆိုပါ အနေအထားကို ထိုင်ဝမ်၏ အမေရိကန် အပေါ် ထောက်ခံမှုဆိုင်ရာ နောက်ထပ်လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ကာ ဒေါသဖြင့် တုံ့ပြန်ခဲ့သည်။

ထိုင်ဝမ်၏ ၂၀၂၄ခုနှစ် ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒရှင်များအား ခြိမ်းခြောက်ပြီး စစ်ဖြစ်နိုင်ချေ ကို ကြောက်လာစေရန် အကြောင်းပြချက်အဖြစ် လိုင် ၏ ယခုလို အမေရိကန်တွင် ခရီးတထောက် ရပ်နားမှုများကို အသုံးချကာ တရုတ်အစိုးရက ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများကို လာမည့်သီတင်းပတ်တွင် ပြုလုပ်ဖွယ် ရှိကြောင်း  ထိုင်ဝမ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အထူးသဖြင့် သူ့ကိုယ်သူ “တိုင်ဝမ်လွတ်လပ်ရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်မည့်သူ” အဖြစ် ယခင်က ဖော်ပြခဲ့ဖူးသော လိုင်ကို ပြည်မကြီး အစိုးရသည် မနှစ်မြို့ပေ။ သို့သော်လည်း လိုင်သည် ၎င်းအနေနှင့် လက်ရှိအနေအထားကို ပြောင်းလဲရန် မကြိုးစားကြောင်း ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။

အဆိုပါ ခရီးစဉ်တွင်း နယူးယောက်ကို ပထမဆုံး ခရီးတထောက်နားမည့် လိုင် သည် ယခင်က Twitter ဟု ခေါ်သည့် ဆိုရှယ်မီဒီယာ X မှာ “လေယာဉ်ခရီးတထောက်နားချိန်မှာ အမေရိကန်က မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့ရာ စိတ်လှုပ်ရှားတယ်” ဟူ၍ အင်္ဂလိပ်လို ရေးသားခဲ့သည်။ ထိုမှတဆင့် ပါရာဂွေးနိုင်ငံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ ပါရာဂွေးနိုင်ငံ သည် ထိုင်ဝမ် နှင့် တရားဝင် သံတမန်ရေးရာ ဆက်ဆံရေး ထိန်းသိမ်းထားသည့် နိုင်ငံ (၁၃)နိုင်ငံထဲက တစ်ခု ဖြစ်သည်။

လူမှုကွန်ရက် X ပေါ်ရှိ လိုင်၏ ရေးသားမှု ကို ထိုင်ဝမ်နှင့် တရားဝင် မဟုတ်သော ဆက်ဆံရေးကို လုပ်ဆောင်နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည့် အမေရိကန် အင်စတီကျု (AIT) မှ ဥက္ကဌ မစ္စ လော်ရာ ရိုဆန်ဘာဂါ က “ပါရာဂွေး ခရီးစဉ်တွင်း ခရီးတထောက်နားတဲ့အခါ AIT အနေနဲ့ လိုင့်ကို ကြိုဆိုဖို့ မျှော်လင့်ပါတယ်” ဟူ၍ တုံ့ပြန်ခဲ့သည်။ AIT သည် အမေရိကန်အစိုးရ လက်အောက်ခံ ၊ ဗာဂျီနီးယား အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

ထိုင်ဝမ်နှင့် အမေရိကန် မှ အာဏာပိုင်များသည် လိုင်၏ အမေရိကန်တွင် ခရီးတထောက်နားစဉ် အစီအစဉ်များ၏ အသေးစိတ်အချက်အလက်များကို မထုတ်ပြန်ခဲ့ပေ။ လိုင်၏ တရားဝင် ထုတ်ပြန်ထားသော ဩဂုတ် ၁၃ရက်နေ့အတွက် အချိန်စာရင်းအရ ပါရာဂွေးသို့ သွားမည်ဟုသာ ဖော်ပြသည်။

လိုင်သည် ထိုင်ဝမ်မှ မထွက်ခွာမီ ဩဂုတ် ၁၂ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုင်ဝမ် နိုင်ငံတကာလေဆိပ်၌ သတင်းထောက်များနှင့် စကားပြောရန် စီစဉ်ထားပြီး ပါရာဂွေးမှ ပြန်လည်ထွက်ခွာရာတွင် အမေရိကန်နိုင်ငံ ။ ဆန်ဖရန်စစ္စကိုမှ ဖြတ်သန်းမည်ဖြစ်သည်။

ထိုင်ဝမ်၏ ကျန်ရှိသော မဟာမိတ်များကို လက်ဝါးကြီးအုပ်ရန် ပြည်မကြီး အစိုးရ၏ တိုးမြှင့်ကြိုးပမ်းလာမှုကြောင့် ယခု ပါရာဂွေး ခရီးစဉ်သည် ထိုင်ဝမ်အတွက် အရေးကြီးသည်။

တစ်ချိန်က ပြည်မကြီးအပေါ် သဘောထား တင်းမာခဲ့သော ထိုင်ဝမ်မိတ်ဖက်နိုင်ငံဖြစ်သည့် ဟွန်ဒူးရပ်စ်သည် ယခုနှစ် မတ်လတွင် တရုတ်နိုင်ငံအပေါ် ဆက်ဆံရေး ပျော့ပြောင်းမှုနှင့်အတူ ဘက်ပြောင်းခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုအတွက် ဟွန်ဒူးရပ်စ်သို့သွားရောက်ခဲ့ပြီး လိုင်သည် အဆိုပါ အခမ်းအနား အတွင်း အမေရိကန်၏ ဒုသမ္မတ ကာမယ်လာ ဟာရစ် နှင့် အကျဉ်းချုံး တွေ့ဆုံစကားပြောဆိုခဲ့သည့်အတွက် နှစ်နိုင်ငံ ဆက်ဆံရေး ကို ထင်ဟပ်စေခဲ့သည်။

Reference;

●       REUTERS

●       The Straits Times