နော်စတဲဂျာ

0
2162

သတိထားမိတဲ့ အချိန်မှာ မျက်နှာချင်းဆိုင်က လာနေတဲ့ ယာဉ်တွေက ဘယ်ညာ ဘက်ခြားသွားပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် နိစ္စဓူ၀ ရက်စွဲတွေမှာ နေညိုရင် အိမ်တော့ ပြန်ကြရတာပဲ။ ဒါပေမဲ့ အခုညနေ အိမ်ပြန်ချိန်တွေကတော့ ခြားနားနေတယ်။ ဆည်းဆာသန်းနေတဲ့ တောင်တန်းတွေ နောက်မှာ ပင်လယ်ကြီး အရင်လို မရှိတော့ဘူး။ ပြန်နေကြ အိမ်မဟုတ်တော့ဘူး။

ဒါဟာ နော်စတဲဂျာ။ 

ဟိုမဝေးတဲ့ ကာလအပိုင်းအခြား တစ်ခုက နင်းခဲ့ဖူးတဲ့ သဲမွမွလေး၊ လှိုင်းသံဆူဆူလေး ဖြစ်တယ်။ တိုးလေမှာ ယိမ်းထိုးနေတဲ့ သီဟိုဠ်ရွက် စိမ်းစိမ်းလေးတွေ ဖြစ်တယ်။ အဲဒီလေ၊ အဲဒီသဲ၊ အဲဒီ လှိုင်းသံ တိတိကျကျ ကို အဲဒီတုန်းက အနာဂတ်စိတ်ကူးအတိုင်း ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဆိုတဲ့ ခံစားမှုပေါ့။

နော်စတဲဂျာဆိုတာ အိမ်ဆိုတဲ့ ခံစားမှုအမှတ်အသားပါတယ်။ အတိတ်စက္ကန့်တွေကို အခု ပြန်မရနိုင်တော့ အခါ စိတ်ပျက်အားငယ်ရမှုတွေ၊ ဝမ်းနည်းသောကတွေ ပါတယ်။ အချို့ကလည်း အတိတ်ကို လွမ်းဆွတ်တသခြင်း လို့ တိုတိုတုတ်တုတ်ပြောကြတယ်။

ဒါပေမဲ့ နော်စတဲဂျာဟာ ဆွတ်ပျံ့ဖွယ် အတိတ်သက်သက်တော့ မဟုတ်နေပြန်ဘူး။

(၁)

၁၇ ရာစုလောက်တုန်းကတော့ နော်စတဲဂျာဟာ အိမ်လွမ်းရောဂါ တစ်မျိုး။ အထူးသဖြင့် စစ်ထွက်စစ်သားတွေမှာ တွေ့ရတဲ့ ဝေဒနာ။ အဲဒီတုန်းကတော့ ဆေးပညာ ဝေါဟာရ တစ်ခု အဖြစ် တွင်တွင်ကျယ်ကျယ် သုံးကြတယ်။ နော်စတဲဂျာရနေရင် ကုမှကို ရမှာ ဆိုတာမျိုးပေါ့။ နို့မို့ဆို သေအံ့မူမူးအထိ၊ အသက်ဆုံးပါးတဲ့ အထိ ဖြစ်ကြလို့။

အဲဒီတုန်းကတော့ နော်စတဲဂျာဟာ ဆွစ်စစ်သားလေးတွေ၊ ပြောရရင် အခြား တိုင်းပြည်တစ်ခုခု အတွက် စစ်ဝင်တိုက်ပေးနေရတဲ့ ဆွစ်စစ်သားလေးတွေမှာသာ တွေ့ရတဲ့ ဝေဒနာ တစ်မျိုးလို့ ထင်ခဲ့တယ်တဲ့။ အမိမြေက အဲယ်လ်ပ်တောင်တန်းကြီးကို လွမ်းဆွတ်တမ်းတ နေသူတွေ၊ တောင်လွမ်းဝေဒနာ ရနေသူတွေပေါ့။

အဲဒီတုန်းကတော့ အတိတ်လွမ်း၊ အိမ်လွမ်း ဝေဒနာကို အမျိုးမျိုးနဲ့ ကုကြတာ၊ ကုဖို့ ကြိုးစားကြတာပေါ့။

ဒါပေမဲ့ ကာလတိုက်စားမှုတွေက နားလည်ပုံ အသုံးအနှုန်းတွေကို ရွေ့လျားလာစေတယ်။ အခုတော့ နော်စတဲဂျာဆိုတာ လွမ်းဆွတ်ဖွယ်ဘက်ကို ပိုယိမ်းလာတယ်။ ဝမ်းစာရေးအတွက် အဝေးမြေကို ပြောင်းသွားလိုက်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေမှာလည်း တွေ့ရတယ်။ ရပ်ဝေးမြေခြား ပညာသွားသင်နေတဲ့ ကျောင်းသူကျောင်းသားတွေမှာလည်း တွေ့ရတယ်။

အခုမိုးဦးမှာ ဖားအော်သံ၊ ပုစဉ်းရင်ကွဲသံလေးတွေ ကြားရတယ်၊ မိုးနံ့လေးတွေ ရတယ်။ ဒါပေမဲ့ အဲဒါကပဲ အုံ့ဆိုင်း၊ ထိုင်းမှိုင်းပြီး ခပ်စွေစွေနဲ့ ရက်ပေါင်းများစွာ ရွာတတ်တဲ့ ၀ဿန်ခါကို နော်စတဲဂျာ ဖြစ်လာတယ်။ အရင်တုန်းကရခဲ့ဖူးတဲ့ မိုးရနံ့နဲ့၊ ဝဿန်အခါသာမယပေါ့။

တလောက မွေးမြေကို စွန့်ခွာလာတဲ့ မိတ်ဆွေတစ်ယောက် တောင်တန်းတွေကြားမှာ ခဏနေတယ်။ ပြီးတော့ ပင်လယ်နားကို ပြန်ပြောင်းသွားပြန်တယ်။ ဆားရနံ့ပါတဲ့ လေကို ရှုရှိုက်မိတဲ့ အခိုက်အတန့်က ကြက်သီးထမိပါရဲ့လို့ သူကဆိုတယ်။ သူ့အတွက်တော့ အိမ်လွမ်းနော်စတဲဂျာကနေ ဖြေဖျောက်ဖို့ အတွက် အနီးစပ်ဆုံး ပင်လယ်လေရှိမယ်။ ပင်လယ်စာတွေ ရှိမယ်။ ကျွမ်းဝင်နေကြ စကားသံတွေရှိမယ်။

နောက်ထပ် မိတ်ဆွေတစ်ယောက်ပေါ့။ အိမ်ကို စွန့်ခွာလာခဲ့ရတယ်။ တောထဲက လေတွေ ရှုဖို့၊ ရေကြည်တွေ သောက်ဖို့၊ လိပ်ပြာလေးတွေ ကြည့်ဖို့၊ ကိုယ်စားဖို့ ကိုယ်စိုက်ဖို့၊ အဲဒီလိုမျိုး ဆန္ဒဇောလေးနဲ့ တည်ဆောက်ခဲ့တဲ့ အိမ်လေးကို စွန့်ခဲ့ရတယ်။ ပစ်ခဲ့ရတဲ့ အိမ်ခြံဝင်းတံခါးမှာ သပွတ်ညွန့်လေးတွေ လမ်းလျှောက်ပျော်မြူးနေပြီ။ သပွတ်သီးနုနုလေးက ခြံတံခါးသော့ခလောက်လေးနားမှာ ရစ်သီနေပြီ။

အခုတော့ သူစိမ်းမဟုတ်သော်လည်း စိမ်းတဲ့စနစ်ကြားမှာ၊ စိမ်းတဲ့ စံမိုးမှုတွေ၊ ဝန်းကျင်အပြောင်းအလဲတွေကြားမှာ။

“အဲဒီလို ဘ၀လေးတောင် နေခွင့်မရတော့တဲ့အခါ ဘာကို မျှော်လင့်ချက်ထားပြီး ဆက်ရှင်သန်ရမှန်းတောင် မသိတော့ သလိုမျိုး” တဲ့။

ဒါလည်း နော်စတဲဂျာ။

(၂)

နော်စတဲဂျာဟာ အိမ်လွမ်းဝေဒနာ သက်သက်လား။ မဟုတ်နိုင်ပါဘူး။

အိမ်မှာရှိနေ၊ အမိမြေမှာ ရှိနေရင်းနဲ့ကို နော်စတဲဂျာ ဖြစ်နေနိုင်တာပဲ။ အချို့ သူတွေ အတွက်တော့ အိမ်ဆိုတာထက် အဖြစ်အပျက်တစ်ခု၊ အမှတ်ရချက်တစ်ခု၊ မမေ့နိုင်ဖွယ် အခိုက်အတန့်တွေဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

အဲဒီတုန်းကလေ . . .  ဆိုပြီး လွမ်းလွမ်းဆွတ်ဆွတ် ပြန်ပြောကြသလိုမျိုးပေါ့။

အိမ်သား တစ်ယောက်ယောက် အဝေးကိုထွက်သွား၊ ဆုံးပါးသွားတာမျိုး။ ဂျင်မီဆိုတဲ့ ကြောင်ထီးလေး တစ်ကောင် အိမ်ကထွက်သွားပြီး ပြန်မရောက်တော့တာမျိုးပေါ့။ ဒီဟင်းအမယ်လေးဆို အမေရှိရင် အရမ်းစားဝင်မှာပဲလို့ ပြန်ပြောမိတတ်ကြမှာပါ။ အမယ်လေး . . .  ဒီအသံကြားလိုက်ရင်တော့ ဂျင်မီလေး နားရွက်တွေထောင်ပြီး စူစမ်းဖို့ ဆတ်စလူး ဖြစ်နေပြီ ဆိုတာမျိုး ပြန်ပြောမိကြမှာပဲ။

အရင်တုန်းကလေ ဒီလို အချိန် ဘယ်လောက်ပူပူ မီးမရှိ၊ ဘာမရှိနဲ့ ယပ်ခတ်နေစရာ မလိုပါဘူးဆိုတာမျိုးလည်း ပြန်လွမ်းနိုင်တာပဲ။ ရိုက်ချိုးခံရတဲ့ ဝန်းကျင်ဆိုးကြောင့် ပြောင်းလဲသွားရချိန်မှာ အတိတ်က ဟန်ကျ ပန်ကျဖြစ်ခဲ့တာကိုလည်း ပြန်လွမ်းတတ်ကြမှာပဲ။ အိမ်မှာ နေရင်းနဲ့တောင် နော်စတဲဂျာ ဖြစ်နေနိုင်တာပဲလေ။

နော်စတဲဂျာပိုရစေတတ်တဲ့ ခံစားမှုတွေထဲမှာ ခပ်ဆွေးဆွေး သီချင်းသံရယ်၊ အရမ်းကို ကျွမ်းဝင်နေတဲ့ ရနံ့တွေလည်း ပါသတဲ့လေ။

သီချင်းဗီဒီယိုတစ်ပုဒ် ဖွင့်ထားမိတယ်။

မျက်မှန်တပ်၊ ဆွယ်တာအင်္ကျီဝတ်ထားတဲ့ အဘိုးအိုတစ်ဦး၊ အပြင်ထွက်ဖို့ ဆဲဆဲမှာ တစ်ခုခု မေ့ကျန်နေတာ သူသိတယ်။ နံရံမှာ ချိတ်ထားတဲ့ လျှာထိုးဦးထုတ်လေး ပြန်ယူဆောင်းလိုက်တယ်။ ဂီတသံနဲ့ အတူ သီချင်းစာသားတွေ စကြားရတယ်။

“ဘာလိုလို အချိန်ရယ်ငါးနှစ်ကြာ၊
အချိန်ဒီလိုသာ ဒီလိုကုန်ဆုံးသွားတယ်၊
ကော်ဖီတွေ ပိုပိုသောက်ဖြစ်လာ၊
ခင် . . .  စိတ်ဆိုးမလားလေ”

သစ်ပင်ပျိုတွေအကြား နေရောင်ကောင်းကောင်းကျနေတဲ့ လူသွားလမ်းလေးကို အဘိုးအို ခပ်နှေးနှေး လျှောက်သွားတယ်။ သီချင်းစာသားတွေ ထပ်လာတယ်။

“ဒီရာသီတွေရယ် အေးစက်လာ၊
ခင်ထိုးပေးထားတဲ့ စွယ်တာတွေကို ဝတ်ဆဲပါ၊
အရင်လို အိမ်မယ် ခင့်ရဲ့ အသံ၊
အို . . .  ကိုယ်ကြားမလားလေ”

ပြတင်းပေါက်သံစကာကြားကနေ အပြင်ကို ငေးနေတဲ့ အဖိုးအို၊ စုတ်ချက်တစ်ခြမ်းနဲ့ ပန်းချီကား၊ မတီးဖြစ်တော့တဲ့ ဂီတာအို၊ မပြောဖြစ်တော့တဲ့ စကားတွေ၊ မရှင်းဖြစ်တော့တဲ့ အိမ်အိုထဲမှာ အဘိုးအို တစ်ယောက်တည်း၊ အဆင်ပြေအောင်နေမယ် ပြောခဲ့ပေမဲ့ လက်တွေ့ ဘ၀မှာတော့ မလွယ်လှ။

“ . . . 
ထမင်းကြမ်းခဲနဲ့ လက်ဖက်ရည်ဆိုင်က ဟင်းတစ်ခွက်၊
မျိုသိပ်လို့ထားတဲ့ စကားတွေကို ရေတွက်နေရင်းနဲ့၊
အိုး . . . လွမ်းလိုက်တာ ခင်ရယ်”

အိမ်အမှတ် ၁၅၆ မှာ တစ်ကိုယ်ရေ ဖြတ်သန်းနေတဲ့ အဖိုးအိုတစ်ဦး။ လင်းထက်ရဲ့ ‘ခင့်လွမ်းစိတ်’။ ဒါလည်း နော်စတဲဂျာ။

သီချင်းတွေက နော်စတဲဂျာပိုရစေသတဲ့လေ။ ဒါကြောင့်များ သီချင်းတွေ သိပ်နားမထောင်ဖြစ်တော့ တာထင်ပါ့။ ကားမောင်းရင်း သီချင်းသံထက် ဘေးဝန်းကျင် အသံကို ပိုနှစ်ခြိုက်တာမျိုး။ အတိတ်နော်စတဲဂျာထက် ပစ္စုပ္ပန်ကို ဦးစိုက်နေမိတာမျိုးပေါ့။

နော်စတဲဂျာမှာ ပုဂ္ဂလဓိဌာန်တွေပါတယ်၊ ဝန်းကျင်အသိုင်းအဝိုင်းတွေပါတယ်။ နစ်ဝင်နေတဲ့ ကျေးဓလေ့ တွေပါတယ်။ နော်စတဲဂျာရနေရင် မှိုင်တွေထိုင်းမှိုင်းနေတာ၊ စိတ်အားငယ်ဖိစီးနေတတ်တာမျိုးလည်း ဖြစ်တတ်တယ်။ အထူးသဖြင့် အသက် ၂၀ ကနေ ၅၀ ဝန်းကျင် အပိုင်းအခြားမှာ ပိုဖိစီးတတ်တယ်တဲ့။

(၃)

အချိန်ယန္တရားခုတ်သံကြားရတယ်။ အခုတော့ နော်စတဲဂျာဆိုတာ ဝေဒနာ သက်သက် မဟုတ်တော့။ စိတ်ဇော စေတနာအဖြစ် ပြောင်းနိုင်ပြီ။

နော်စတဲဂျာကို အခြေပြုပြီး ကောင်းကျိုးချမ်းသာတွေလည်း ဖော်ဆောင်နိုင်ပါတယ်ဆိုတာ တွေ့သွားကြတယ်။ ကိုယ်ကိုကိုယ် ပိုခိုင်ကြည်အောင် တည်ဆောက်လို့ရတယ်။ ခံစားချက်တူ ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ပိုချည်နိုင်အောင် လုပ်လို့ရတယ်။ ဝန်းကျင်နဲ့ သွေးစည်းညီညွတ်မှုပို တည်ဆောက်လို့ရတယ်။ အခြားသူတွေကို ပိုထူ ပိုကူလို့ရတယ်။

ဒီလိုနဲ့ပဲ ပိုကောင်းတဲ့ အဝိုင်းအဝန်းကို အတူတူ သယ်ပိုးလို့ရတယ်။ သွားလိုတဲ့ အမှတ်သရုပ်ပန်းတိုင်ကို အတူတူ ချီလို့ရတယ်။

ဖယ်ကြဉ်အထီးကျန်မှု ခံစားနေရလား၊ နော်စတဲဂျာကို ပြန်ရှာပါ၊ အားပြန်ယူပါ၊ ယုံကြည်မှု ပြန်တည်ဆောက်ပါတဲ့။ ဟုတ်တယ်လေ၊ ရှိခဲ့တဲ့ အကျိုးချမ်းသာ နော်စတဲဂျာတွေကပဲ အားပြန်ပေးစေတယ် မဟုတ်လား။

“တချိန်တုန်းက ငါတို့ အတူတူ သွားခဲ့တဲ့ နေရာလေးကို ပြန်သွားကြမယ်။ အဲဒီအတွက် အတူတူ ရုန်းကြမယ်” ဆိုတာမျိုးပေါ့။

အတိတ်ဆိုတာ တချိန်တုန်းက ပစ္စုပ္ပန်၊ အတိတ်ဆိုတာ တချိန်တုန်းက အနာဂတ်ပဲလေ။ အဲဒီ အကျိုးချမ်းသာ နော်စတဲဂျာကို ပြန်တည်ဆောက်ဖို့၊ အဲဒီထက် ပိုမြင့်၊ ပိုကောင်း၊ ပိုကောင်းတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ နော်စတဲဂျာဟာ အရင်းအနှီးကောင်း တစ်ခု ဖြစ်နိုင်တယ်။

တစ်ပတ်ပြန်လည်နေတဲ့ သမိုင်းဘီးနက်အခြမ်းကို နောက်တစ်ပတ်လှည့်မယ်။ အဖြူတစ်ခြမ်းကို ရွှေ့ဖို့ နော်စတဲဂျာကို အားပြုမယ်။ အတိတ်ဟာ လွမ်းစရာ၊ ဒါပေမဲ့ တည်ဆောက်ရမဲ့ အနာဂတ်တွေ ရှိသေးတယ်။

ခွန်းသု

Key References: