တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1907

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၆ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့အထိ

NCA မရှိတော့ဘူးလို့ KNU ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် NCA ကို လိုက်နာစရာ အကြောင်းမရှိတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က ပြောဆိုလိုက်ပါတယ်။

NCA စာချုပ်ရဲ့ နှလုံးသားလို့ ပြောလို့ရတဲ့ အခန်း (၁) အခြေခံမူတွေကို စစ်ကောင်စီတပ်က နင်းခြေဖျက်ဆီး ပစ်တာကြောင့် NCA မရှိတော့ဘူးလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

KNU ၁၇ ကြိမ်မြောက်ကွန်ဂရက်အပြီး ရက်တစ်ရာပြည့်ဖြစ်တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

NCA စာချုပ် အခန်း (၁) မှာ အခြေခံမူ ၁၁ချက် ပါဝင်ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ဖို့ ဆိုတဲ့အချက် ပါဝင်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းကာလမှာ ကရင်ပြည်နယ်အတွင်း စစ်ရေးတွေ ပြင်းထန်လာချိန်မှာ KNU ဘက်က အခုလို ထုတ်ဖော်ပြောဆိုလာတာပါ။

စစ်ကောင်စီက NCA ကို သုံးပြီး နိုင်ငံတကာနဲ့ ပြည်သူလူထုကို လှည့်စားတာတွေလုပ်လာရင် KNU နဲ့ မဆိုင်ဘူးလို့လည်း ပြောဆိုထားပါတယ်။

……………………………………

ရေဘေးသင့်တဲ့ တိုင်းနဲ့ပြည်နယ် ပိုများလာ၊ ထိုင်း-မြန်မာကုန်သွယ်ရေးလမ်း ပြတ်တောက်

ရေကြီးတဲ့ တိုင်းနဲ့ ပြည်နယ် ပိုမိုများပြားလာပြီး ထိုင်း-မြန်မာကုန်သွယ်ရေးမှာ အဓိကလမ်းမကြီးဖြစ်တဲ့ အာရှလမ်းမကြီး မြေပြိုကျ ပြတ်တောက်သွားတာကြောင့် ကုန်သွယ်ရေးတွေလည်း ရပ်ဆိုင်းသွားပါတယ်။

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးမှာ တောနော်ရေတံခွန်အနီးက တောင်ပတ်လမ်းပိုင်းဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ ၇ရက်နေ့မှာ ကွန်ကရစ်လမ်း ပေတစ်ရာလောက် မြေပြိုကျသွားပါတယ်။

အဲဒါကြောင့် လမ်းဟောင်းကနေ သွားပေမယ့် လမ်းဟောင်းပါ ထပ်ပြိုကျလို့ ကုန်သွယ်မှုအားလုံးနီးပါး ရပ်ဆိုင်းခဲ့ရတာကြောင့် ကုန်ဈေးနှုန်းတွေလည်း တက်လာနေပါတယ်။

ရခိုင်ပြည်နယ်ထဲက မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေမှာ ရေကြီးနေပါတယ်။ ကျောက်တော်နဲ့ မြောက်ဦးမှာ စစ်ဘေးရှောင်စခန်းတွေလည်း ရေကြီးနစ်မြုပ်နေလို့ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ ရေဘေးဒဏ်ကိုပါ ထပ်မံခံစားနေကြရပါတယ်။

ချင်းပြည်နယ် ပလက်ဝမှာလည်း ရေကြီးလို့ စစ်ဘေးရှောင်တွေ ရေဘေးဒဏ်ခံနေကြရပါတယ်။

ပဲခူးတိုင်းမှာလည်း မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေကြီးနေလို့ လူတစ်သောင်းကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ မြို့ပေါ်လမ်းမတွေမှာဆိုရင် လှေတွေနဲ့ သွားလာနေကြတာတွေ တွေ့ရပါတယ်။

ရှမ်းပြည်နယ် မူဆယ်မြို့နယ်ထဲက ကျေးရွာတချို့မှာလည်း ရေကြီးနစ်မြုပ်တာတွေ ရှိနေပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာဆိုရင် ရေကြီးတာတွေကြောင့် လူရှစ်ထောင်ကျော်ကို ရွှေ့ပြောင်းထားရပြီး ကျိုက်မရောမြို့နယ်မှာဆိုရင် စာသင်ကျောင်းတွေ ယာယီပိတ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကဆိုရင် မွန်၊ တနင်္သာရီ၊ မကွေးတို့မှာ ရေကြီးတာတွေ ဖြစ်ခဲ့ပြီး အခု သီတင်းပတ်မှာတော့ ရေဘေးဒဏ်ခံရတဲ့ တိုင်းနဲ့ ပြည်နယ်တွေ ပိုများလာတာ ဖြစ်ပါတယ်။

……………………………………

စစ်ကောင်စီတပ်ရဲ့ ကျူးလွန်မှုတွေ ပိုဆိုးလာတယ်လို့ ကုလစုံစမ်းရေးအဖွဲ့ထုတ်ပြန်

မြန်မာစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ပိုမိုကျူးလွန်လာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM က ဩဂုတ်လ ၈ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေ၊ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာ၊ အရပ်သားတွေနဲ့ ဖမ်းမိထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေကို အစုံလိုက်အပြုံလိုက် သတ်ဖြတ် တာ၊ လိင်အကြမ်းဖက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ သက်သေတွေ ရရှိထားတယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးရာမှာ မျက်မြင်သက်သေ နှစ်ရာကျော်၊ ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေ၊ မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားတွေ၊ ဂြိုဟ်တုကနေ ရတဲ့အချက်အလက်တွေ အပါအဝင် သတင်းရင်းမြစ် ခုနစ်ရာကျော် ကို စုဆောင်းအတည်ပြုခဲ့တယ်လို့ဆိုပါတယ်။

ဒီရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံတကာဥပဒေအောက်မှာ ရာဇဝတ် ကြောင်းအရ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

……………………………………

ဖလမ်းနဲ့ စစ်ကိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားတွေ ထိခိုက်သေဆုံးရပြန်ပြီ

ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တွေမှာ လေကြောင်းကနေ တိုက်ခိုက်တာ ခံရတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

ဖလမ်းမြို့နယ် ရမ်ထလိုရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၂ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးပြီး အရပ်သားခုနစ်ဦးထက်မနည်း ဒဏ်ရာရပါတယ်။

ချင်းအမျိုးသားတပ် CNA က ဖလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်ခတ်တာလို့ ဆိုပါတယ်။

စစ်ကိုင်းမြို့နယ် တလိုင်းရွာမှာလည်း ဩဂုတ်လ ၁၁ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ရှစ်လသားအရွယ် ကလေးတစ်ဦးနဲ့ မိခင်ဖြစ်သူအပြင် နောက်ထပ် အမျိုးသမီးကြီးတစ်ဦး သေဆုံးပြီး အရပ်သား ၁၀ကျော် ထိခိုက်ဒဏ်ရာခဲ့ပါသေးတယ်။

……………………………………

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်နှစ်ခုနဲ့ ငွေလွှဲပြောင်းတာမလုပ်ဖို့ အမေရိကန်သတိပေး

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံတော်ပိုင် ဘဏ်ကြီးနှစ်ဘဏ်နဲ့ ငွေကြေးလွှဲပြောင်းတာတွေ မလုပ်ဖို့ အမေရိကန်အစိုးရက သတိပေးလိုက်ပါတယ်။

နိုင်ငံရပ်ခြားကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေကြေး သုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် အခရာကျတယ်ဆိုပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) အမေရိကန်က ပြီးခဲ့တဲ့ ဇွန်လ ၂၁ရက်နေ့မှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာပါ။ 

ဒီဘဏ်နှစ်ခုနဲ့ ပတ်သက်လို့ ငွေကြေးလွှဲပြောင်းမှုအားလုံးကို ဩဂုတ်လ ၅ရက်နေ့ နောက်ဆုံးထားလုပ်ဆောင်ဖို့ ပြောဆိုထားပြီး ဒီနောက်ပိုင်းမှာ လွှဲပြောင်းတာတွေလုပ်ရင် စောင့်ကြည့်အရေးယူမယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုပါတယ်။

……………………………………

စင်ကာပူ UOB ဘဏ် မြန်မာဘဏ်တွေနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်း၊ ကျပ်ငွေတန်ဖိုးထိုးကျ

စင်ကာပူနိုင်ငံအခြေစိုက် United Overseas Bank (UOB) ဟာ မြန်မာဘဏ်တွေနဲ့ လုပ်ငန်းချိတ်ဆက် လုပ်ကိုင်နေတာတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။

စက်တင်ဘာလ ၁ရက်နေ့ကနေ ငွေအထုတ်အသွင်းအားလုံးကို ရပ်ဆိုင်းမှာဖြစ်ပြီး UOB ဘဏ် ငွေစာရင်းအချင်းချင်း ငွေကြေးလွှဲပြောင်းတာကိုပဲ ခွင့်ပြုတော့မယ်လို့ Nikkei Asia သတင်းက ဩဂုတ် ၉ ရက်နေ့မှာ ဖော်ပြပါတယ်။

Visa ကတ် Mastercard ကတ် အသုံးပြုခွင့်လည်း ကန့်သတ်လိုက်သလို ဟောင်ကောင် ဘဏ်ခွဲမှာ မြန်မာနိုင်ငံအတွက် ဖွင့်ထားတဲ့ ငွေစာရင်းကိုလည်း ပိတ်မယ်လို့ ဆိုပါတယ်။

နိုင်ငံတကာငွေကြေးစနစ်ထဲမှာ မြန်မာစစ်ကောင်စီ ဝင်ရောက်ခွင့်မရအောင် ကန့်သတ်လိုက်တာဖြစ်တယ်လို့ Nikkei Asia သတင်းမှာ ရေးသားထားပါတယ်။

အခုလို ရပ်ဆိုင်းလိုက်ပြီးနောက်မှာတော့ ကျပ်ငွေတန်းဖိုးထိုးကျပြီး ရွှေ၊ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲနှုန်း ခုန်တက်သွားပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်နှစ်ဘဏ်ကို အမေရိကန်က အရေးယူတာ၊ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှု တွေအကြောင်း ပြောဆိုထားတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ ထွက်လာပြီးနောက်မှာ အခုလို ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

UOB ဘဏ်ကို မြန်မာစစ်ဗိုလ်ချုပ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အဓိကအသုံးများတဲ့ ဘဏ်လည်းဖြစ်ပါတယ်။ UOB က အခုလို လုပ်ငန်းရပ်လိုက်တာကြောင့် မြန်မာနိုင်ငံက ပို့ကုန်သွင်းကုန် လုပ်ငန်းတွေအခက်အခဲ ကြုံလာနိုင်ပါတယ်။

……………………………………

ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူကို NLD ကနေ ထုတ်ပယ်

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

စစ်တပ်ကနေ တင်မြှောက်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ခေါ်ယူပြီး ဇူလိုင်လ ၃၁ရက်နေ့က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးကို ဦးဟန်နရီဗန်ထီးယူ တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကနေပဲ စစ်ကောင်စီကို လေးကြိမ်မြောက်အဖြစ် နောက်ထပ် ခြောက်လသက်တမ်း တိုးပေးခဲ့ပါတယ်။

ကာလုံအစည်းအဝေး တက်ရောက်တာဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်လို့ ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ NLD က ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒုတိယသမ္မတအဖြစ် ပါတီက ယုံကြည်စွာတာဝန်ပေးခဲ့ပေမယ့် အခုအချိန်မှာ ပြည်သူလူထုကို ပေးအပ်ထားတဲ့ ကတိသစ္စာကိုချိုးဖောက်လို့ ထုတ်ပယ်ရတာလို့လည်း ဆိုပါတယ်။

……………………………………

ဖွားခါနီးကိုယ်ဝန်သည်ကို ပစ်သတ်သွားတဲ့ မုံရွာဓားပြမှုမှာပါဝင်သူတွေကို ပလဖ ဖမ်းဆီး

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နေအိမ်ကို ဓားပြဝင်တိုက်ပြီး မွေးဖွားဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ ကိုယ်ဝန်သည်ကို ပစ်သတ်သွားတဲ့အမှုမှာ ပါဝင်သူတွေကို မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့ Guardian Force က ဖမ်းဆီးထားပါတယ်။

ဩဂုတ်လ ၁၀ ရက် ညနေပိုင်းမှာ ထန်းတောရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်အိမ် ဓားပြတိုက်ခိုက်ခံရပါတယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်သည်အမျိုးသမီး၊ သူရဲ့ခဲအို၊ ယောက္ခမတို့ရှိနေပြီး ခင်ပွန်းသည်က ဈေးသွားနေတာပါ။

လက်နက်ကိုင်ထားတဲ့ လူတစ်စုက ဝင်ရောက်ဓားပြတိုက်တာဖြစ်ပြီး ခဲအိုဖြစ်သူ ထွက်ပြေးချိန်မှာ ထွက်ပြေးသူကိုရော အိမ်ထဲရှိနေသူကိုပါ ပစ်ခတ်လို့ ကိုယ်ဝန်သည်ရဲ့ ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့တာလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီဓားပြတိုက်ရာမှာ ပါဝင်သူ အမျိုးသားခုနစ်ဦးကို မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့က ၂၄ နာရီအတွင်း ဖမ်းဆီးခဲ့ပါတယ်။ ပစ္စည်းယူရုံပဲ မဟုတ်ဘဲ လူ့အသက်နှစ်ချောင်း ဆုံးရှုံးအောင်လုပ်ခဲ့တာကြောင့် မိသားစုရဲ့ ပူဆွေးသောကကို ဘယ်လို ဖြေဖျောက်ပေးမလဲ မေးခွန်းတွေမေးပြီး ရိုက်နှက်စစ်ဆေးတာကို မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုမှာတွေ့ရပါတယ်။

ဖမ်းဆီးခံရသူတစ်ဦးကတော့ အပြစ်အတွင် သေစားသေခံ ခံရဲပါတယ်လို့ ပြောဆိုတာလည်း တွေ့ရပါတယ်။

မုံရွာအပြင် ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာလည်း ဓားပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားလာပါတယ်။ အာဏာသိမ်းကာလ နိုင်ငံရေးမတည်ငြိမ်လို့ လုံခြုံမှုကင်းမဲ့လာချိန် အခုလို ဓားပြမှုတွေကလည်း ပြည်သူတွေကို ပိုပြီးမလုံခြုံ ဖြစ်နေတာပါ။

……………………………………

မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ထားဆဲလို့ တောင်ကိုရီးယားပြော

မြန်မာစစ်ကောင်စီကို စစ်လက်နက်တင်ပို့ရောင်းချတာ ပိတ်ပင်ထားဆဲဖြစ်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားမှာပြုလုပ်တဲ့ လက်နက်အရောင်းပြပွဲမှာ စစ်ကောင်စီသံအမတ်ကို ဖိတ်ကြားခဲ့တဲ့အတွက် အလွန်စိုးရိမ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက တောင်ကိုရီးယားအစိုးရကို စာပို့ခဲ့တာပါ။

မြန်မာနိုင်ငံကို စစ်လက်နက်တင်ပို့မှုပိတ်ပင်ထားတဲ့ မူဝါဒဟာ မပြောင်းလဲသေးဘူးလို့ တောင်ကိုရီးယားအစိုးရ ပြန်လည် ရှင်းလင်းထားတာပါ။

……………………………………

ရိုဟင်ဂျာတွေစီးလာတဲ့ စက်လှေမှောက်လို့ သေဆုံးသူများပြား

မလေးရှာနိုင်ငံသို့ သွားရောက်မယ့် ရိုဟင်ဂျာတွေစီးလာတဲ့ စက်လှေ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အနီး ဘင်္ဂလားပင်လယ်အော်ထဲမှာ တိမ်းမှောက်ပြီးနောက် ရုပ်အလောင်း ၁၇လောင်းကို ပြန်လည်တွေ့ရှိပါတယ်။

စစ်တွေမြို့နယ်ထဲက ကျေးရွာတချို့ရဲ့ ပင်လယ်ကမ်းစပ်အနီးတွေမှာ ရုပ်အလောင်းကို တွေ့ရှိတာဖြစ်ပြီး ဩဂုတ်လ ၁၀ ရက်အထိ ရုပ်အလောင်း ၁၇လောင်းတွေ့ရှိတာပါ။ နောက်ထပ် ၃၀ လောက်လည်း ပျောက်ဆုံးနေတယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဘူးသီးတောင်မြို့နယ်ကနေ မလေးရှားသို့ လူတစ်ယောက်ကို ငွေကျပ် သိန်းဆယ်ချီပေးပြီး သွားကြတာလို့လည်း ဆိုပါတယ်။

……………………………………