ရှပ် (ဂုံးချော) ယမန်နှစ်ကထက် နှစ်ဆကျော်ဈေးတက်

0
1996

မြိတ်တွင် ရှပ် (ဂုံးချော) ယမန်နှစ်ကထက် နှစ်ဆကျော် ဈေးတက်လာကြောင်း ဝယ်ယူရောင်းချနေသူများထံမှ သိရသည်။

ယမန်နှစ်က ရှပ်အလုံးကြီးတစ်ခြင်းလျှင် ကျပ် တစ်သောင်းခုနှစ်ထောင်သာရှိခဲ့ရာ လက်ရှိတွင် ကျပ် သုံးသောင်းရှစ်ထောင်အထိ ဈေးမြင့်တက်လာကြောင်း ဝယ်ယူရောင်းချနေသူများက ပြောသည်။

ယင်းအပြင် ယမန်နှစ်က ရှပ်အလုံးငယ် တစ်ခြင်း တစ်သောင်းကျပ်ဝန်းကျင်သာရှိခဲ့ရာမှ လက်ရှိတွင် သုံးသောင်းဝန်းကျင်အထိ ဈေးမြင့်တက်လာကြောင်း ၎င်းတို့က ဆိုသည်။  

“ဆန်၊ ဆီ အခြောက်အခြမ်း အကုန်လုံးဈေးတက်တော့ သူ (ရှပ်) လည်း ကုန်ဈေးနှုန်းအလိုက် တက်လာတာပေါ့” ဟု ရှပ်ဝယ်ယူရောင်းချသည့် အမျိုးသမီးက ပြောသည်။

ရှပ်ကောက်ယူ ငုပ်ယူရန် စရိတ်စကသည် ယမန်နှစ်ထက် ပိုမိုကုန်ကျလာသဖြင့် ရှပ်ဈေးလည်း လိုက်တက်ခြင်းဖြစ်ကြောင်း ရှပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

“အခုလှေတစ်ခါ ထွက်တဲ့စရိတ်က အရင်ကဆို နှစ်ခေါက်သုံးခေါက်စာလောက် ထွက်လို့ရတယ်။ အကုန်ဈေးတက်သွားတာ” ဟု ၎င်းက ပြောဆိုသည်။

ရှပ်ကို မြိတ်မြို့အနီး ပင်လယ်ပြင်သဲသောင်ကုန်းများနှင့် ပုလောမြို့အနီးတစ်ဝိုက်တို့တွင် လှေငယ်များဖြင့်သွားရောက်
ကောက်ယူ (ငုပ်ယူ) ရပြီး မနက်လင်းမှ မိုးချုပ်သည်အထိ သွားရောက် လုပ်ကိုင်ကြရသည်။

“သောင်ပြင်မှာ လိုက်ကောက်ရတာရှိသလို အလုံးကြီးတွေဆို ရေအောက်ကြမ်းပြင် (ဝါးတစ်ပြန်လောက်မှာ) ဝါးလုံးထိုးပြီး ငုပ်ယူရတယ်။ ရေငုပ်ကျွမ်းကျင်ဖို့ အမောခံနိုင်ဖို့တော့ လိုတာပေါ့” ဟု ရှပ်လုပ်ငန်းလုပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

မြိတ်မြို့တွင် တစ်နိုင်တစ်ပိုင် ရှပ်ငုပ်လုပ်ငန်းလုပ်ကိုင်သူနှင့် ဈေးအတွင်း ခေါင်းရွက်ဗျပ်ထိုး ရောင်းချသူ ရာချီရှိသည်။

ယင်းအပြင် လှေငယ်များမှတစ်ဆင့် ဝယ်ယူကာဈေးသည်များသို့ ပြန်လည်ဖောက်သည်ပေး ရောင်းချသည့် ဒိုင်ကြီးငါးဒိုင်ခန့်ရှိကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်ကြသူများထံမှသိရသည်။

ရှပ်လုပ်ငန်းကို တနှစ်ပတ်လုံး လုပ်ကိုင်နိုင်ပြီး ရေကြမ်းသည့် ရက်များတွင်သာ ရပ်နားရသည်ဟု လုပ်ကိုင်နေသူများ ထံမှ သိရသည်။

ဒေသခံများက ရှပ်များကို ပုံစံမျိုးစုံဖြင့် ချက်ပြုတ်ကြော်လှော်စားသောက်ကြသလို အခြောက်လှန်းခြင်း၊ အချဉ်ထည့်ခြင်းများလည်း ပြုလုပ်ကြသည်။

ယင်းရှပ်များကို ကိုက်ကြေးကိုက်ဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူလေ့ ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။