ထိုင်းရောက်မြန်မာလုပ်သားများ PV အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ပါက ပြည်တွင်းပြန် သက်တမ်းတိုးရမည်

0
1635
ပုံစာ - ယခုနှစ် ဇန်နဝါရီလတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရက်ချိန်းရယူရန် သံရုံး‌ရှေ့စောင့်ဆိုင်းနေသော မြန်မာလုပ်သားများ

ထိုင်းရောက်မြန်မာအလုပ်သမားများသည် အလည်အပတ် PV အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးပါက မြန်မာနိုင်ငံသို့ ပြန်၍ သက်တမ်းတိုးရမည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံးဘက်က ယနေ့တွင် (ဩဂုတ်၃) ပြောကြားကြောင်း သံရုံးနှင့်နီးစပ်သူများ၊ အကျိုးဆောင် အေဂျင်စီများထံမှ သိရသည်။

အလုပ်သမားဗီဇာ work permit များကို PV စာအုပ်ထဲ ထည့်သွင်း၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများအနေဖြင့် စာအုပ်သက်တမ်းကုန်ဆုံးပါက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် သက်တမ်းတိုးမပေးတော့ဘဲ မြန်မာပြည်တွင်းပြန်၍ သက်တမ်းတိုးခိုင်းနေကြောင်း အကျိုးဆောင်များက ပြောသည်။

“ဒီမနက်ကမှ သွားရင်းနဲ့ သိရတာက Work Permit ရှိနေပါစေပေါ့နော်။ PV အမျိုးအစားဖြစ်တယ်ဆိုရင် ရန်ကုန်ပြန်ပြီး တိုးရမယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်” ဟု ယနေ့သံရုံးသို့ သွားရောက် အကျိုးဆောင် အေးဂျင့်တစ်ဦးက ပြောဆိုသည်။

ယခင်က PV စာအုပ်ကိုင်ဆောင်သူများသည် စာအုပ်သက်တမ်းကုန်ဆုံးပါက Work permit ကိုကြည့်၍ PV မှ PJ သို့ သက်တမ်းပြန်ဆက်ပေးသော်လည်း ယခုရက်ပိုင်းတွင် သက်တမ်းတိုးခွင့်မပေးတော့ကြောင်း အေးဂျင့်နောက်တစ်ဦးက ဆိုသည်။

“PJ (Passport for job) အချင်းချင်းဆို ပြောင်းပေးတယ်။ သက်တမ်းကုန်ရင် ဒဏ်ကြေးဆောင်ရမယ်။ ဒါပေမဲ့ PV ကနေ PJ ကို မပြောင်းပေးတော့တာ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသားအများစုသည် ထိုင်းနိုင်ငံသို့ PV စာအုပ်ကိုင်ဆောင်၍ လာရောက်ပြီး နောက်ပိုင်းတွင် အခြေခံအလုပ်သမားဗီဇာ နှင့် work permit ဗီဇာများကိုလျှောက်ကာ တရားဝင်နေထိုင်လုပ်ကိုင်နေကြကြောင်း အလုပ်သမားများထံမှ သိရသည်။

ယခုမြန်မာသံရုံး၏ ကန့်သတ်ချက်ကြောင့် စာအုပ်သက်တမ်းကုန်ဆုံး၍ ပြည်တွင်းသို့ ပြန်ကာ သက်တမ်းတိုးရလျှင် အချိန်၊ ငွေ စသော အခက်အခဲများစွာ ရှိနိုင်ကြောင်း အကျိုးဆောင်အေးဂျင့်တစ်ဦးက ပြောဆိုသည်။

“အနည်းဆုံး ၂ လ ၃ လလောက်တော့ ဂျန့်ဖြစ်ပြီးတော့ ကြာမှာပဲ။ ဒုက္ခတွေရောက်ကြဦးမှာပဲ။ တကယ်ဆိုရင် သူတို့ကြိုပြောလိုက်လေ။ ၆ လအတွင်းမှာ ပြန်ဆို သူတို့ပြန်ခိုင်းလိုက်လို့ရတယ်။ အခုက ဘာမှမပြောဘဲ တန်းလုပ်လိုက်တာမျိုးတော့ နည်းနည်းတော့ လွန်တာပေါ့” ဟု ၎င်းက ပြောသည်။

ရက်ပိုင်းအတွင်း နေပြည်တော်က ညွှန်ကြားလာသဖြင့် PV စာအုပ်သက်တမ်းကုန်သူများကို ထိုင်းနိုင်ငံတွင် သက်တမ်းမတိုးပေးတော့ဘဲ ပြည်တွင်းတွင် ပြန်လဲရမည်ဟု သံရုံးဘက်က ပြောကြားခဲ့ကြောင်း အကျိုးဆောင်များကဆိုသည်။

နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးဆောင်ရွက်ရာတွင် ကန့်သတ်လိုက်ခြင်းအကြောင်းအရင်းအပေါ် ဘန်ကောက်အခြေစိုက် မြန်မာသံအရာရှိကို မေးမြန်းရာ မြန်မာသံရုံးကြီးသို့ မေးမြန်းရန်သာ ဖြေကြားခဲ့ပြီး မြန်မာသံရုံးကိုဖုန်းအကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

သံရုံးနှင့်နီးစပ်သူတစ်ဦးကို မေးမြန်းရာ “ထင်တာကတော့ PV စာအုပ်နဲ့ ဒီမှာလာပြီး အလုပ်လုပ်နေတဲ့သူတွေကို ပိတ်ချင်တာပါ။ ပြန်ခိုင်းတာတော့ သေချာပါတယ်။ PV ကို မလဲပေးဘူးလို့ ပြောပါတယ်” ဟု ဖြေကြားခဲ့သည်။

ထို့အပြင် PJ စာအုပ်ကိုင်ဆောင်ထားသော MoU မြန်မာအလုပ်သမားများသည်လည်း စာချုပ်သက်တမ်း ၄ နှစ်ကုန်ဆုံးပါက မြန်မာပြည်ပြန်ပြီး U-Turn အစီအစဉ်ပြန်လည်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက ဇူလိုင်လ ၃၁ ရက်နေ့တွင် ကြေညာသည်။

MoU မှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ ထိုင်းနိုင်ငံသို့ တရားဝင် လာရောက် လုပ်ကိုင်ခြင်းဖြစ်သည်။

အကယ်၍ MoU မြန်မာအလုပ်သမားများသည် နေရပ်မပြန်ဘဲ PJ စာအုပ်သက်တမ်းကုန်သည်အထိ ထိုင်းတွင် လုပ်ကိုင်နေပါက စာအုပ်သက်တမ်းတိုးလျှင် ပျောက်ဆုံး/ပျက်စီး ဒဏ်ကြေးကဲ့သို့ ဘတ် ၃၆၅၀ ကို ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။