တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိ၊ နေအိမ်အချို့ ရေစလွှမ်း

0
1536

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည်ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁ဝနာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် ၁၇ ပေအထိ ရောက်ရှိလာပြီး နေအိမ်အချို့တို့ ရေလွှမ်း နေကြောင်း မြို့ခံတို့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ် ၂၄ ပေ သတ်မှတ်ထားသည်။

စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာပါက မြို့တွင်း ‌လမ်းမကြီးအချို့နှင့် ချောင်းငယ်ရပ်ကွက်နေ အိမ်အချို့ရေလွှမ်းလေ့ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

အန္တရာယ်ရေအမှတ်နှင့် အထက်သို့ ရောက်ရှိလာပါ မြို့‌ပေါ်ရပ်ကွက်များအပြင် ကျေးရွာတို့ရှိ နေအိမ်များရေလွှမ်းသဖြင့် ကုန်းမြင့်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရလေ့ရှိကြောင်း ဆိုသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လာပြီး မြို့တွင်းရှိ လမ်းပေါ်တွင် ခြေသလုံးနစ်သည်အထိ ရေကြီးနေသည့်အပြင် ချောင်းငယ်ရပ်ကွက်ရှိ နေအိမ်အချို့တွင်လည်း ရေများဝင်ရောက်နေပြီဖြစ်ကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောဆိုသည်။

“မိုးကောင်းရေရော၊ ပင်လယ်ရေရော တက်လာတာဆိုတော့ မြေနိမ့်ပိုင်းဘက်က အိမ်‌တွေ ရေရောက်နေကြပြီ။ တချို့တ‌လေလည်း ပြောင်းနေကြပြီ” ဟု ချောင်းငယ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် တနင်္သာရီမြစ်ရေများ ထပ်မံမြင့်တက်လာပါက ရေလွှတ်ရာ ကုန်းမြင့်များ၊ အသိမိတ်‌ဆွေ ဆွေမျိုးတို့၏ နေအိမ်များသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြကြောင်း ချောင်းငယ်ရပ်ကွက်နေသူအချို့က ဆိုသည်။

ပဝကျေးရွာအုပ်စုရှိ ပဝရွာမ၊ ပဝချောင်းထဲရွာ စသည့် ရွာအချို့တွင် ရေကြီးရေလျှံခြင်းများ စတင်ဖြစ်ပေါ်နေကြောင်း ပဝရွာသားအချို့က ပြောသည်။

“ရေတွေစကြီးနေပြီ။ ပဝချောင်းထဲဘက်ကသူတွေ အပြင်ထွက်လာလို့ မရတော့ဘူး။ လှေနဲ့လာမှပဲ ရတယ်” ဟုပဝရွာသားတစ်ဦးက ပြောဆိုသည်။

တနင်္သာရီမြို့သည် နှစ်စဉ် ရေဘေးသင့်လေ့ရှိပြီး ယခင်နှစ်ကလည်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိသဖြင့်နေအိမ်အချို့ ပြောင်းရွှေ့ခဲ့ရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကြောင်း မိုးလေဝသဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇နာရီက ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဩဂုတ်လ ၃ ရက်နေ့ ညနေအထိ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းအပြည့်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် နောက်နှစ်ရက်အထိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေမည်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။