ထိုင်းတွင် ကရင်အမျိုးသားတစ်ဦး ဘတ် ၆ သန်း ထီပေါက်

0
1533

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုပ်လုပ်ကိုင်နေသော ကရင်အမျိုးသားတစ်ဦးသည် ထိုင်းထီ အမြင့်ဆုံးဆု ဘတ် ၆ သန်းပေါက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စန်ခရာဘူရီဒေသရှိ ဈေးထဲက ရေခဲဆိုင်တွင် လုပ်ကိုင်နေသော အဆိုပါအလုပ်သမားသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော အမြင့်ဆုံးထီဆု 260453 တွင် နံပါတ်ခြောက်လုံးတူဖြင့် ဘတ် ၆ သန်း ကံထူးခြင်းဖြစ်သည်။

ကံထူးသူမှာ အသက် ၃၆ နှစ်အရွယ် ကိုဖိုးထူးဆိုသူဖြစ်ပြီး ရေခဲဆိုင်တွင် လုပ်ကိုင်နေသည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

၎င်းသည် ယာယီနေထိုင်လုပ်ကိုင်ခွင့်လက်မှတ် ပန်းရောင်ကတ် ခေါ် ဘတ်ကတ် ကိုင်ဆောင်ကာ လုပ်ကိုင်နေသည် ဖြစ်ကြောင်း ဆိုသည်။

ထီလက်မှတ်ကို ဈေးထဲရှိ ထီဆိုင်တွင်ပင် ဘတ် ၈၀ ဖြင့် ဝယ်ယူခဲ့ကြောင်း ၎င်းက သတင်းဌာနများကို ဖြေကြားထားသည်။

၎င်းသည် ထီထွက်ပြီးပြီးချင်း ဘတ် ၆ သန်းထီပေါက်သည်ကို သိရှိခဲ့ပြီးနောက် ရဲစခန်းသို့လာ၍ အကူအညီတောင်းခံခဲ့ကြောင်း ဖော်ပြထားသည်။

ထီဆုငွေဖြင့် အလှူအတန်းပြုလုပ်သွားမည်ဖြစ်ပြီး မြေကွက်ဝယ် အိမ်ဆောက်၍ မိသားစုနှင့်အတူ နေထိုင်သွားရန် ရည်မှန်းထားကြောင်း ပြောဆိုထားသည်။

သို့သော်လည်း လက်ရှိတွင် ၎င်းသည် လူပျိုလူလွတ်ဖြစ်ပြီး ရေခဲဆိုင်တွင်ပင် ဆက်လက် အလုပ် လုပ်ကိုင်သွားဦးမည် ဖြစ်ကြောင်း ထိုင်းသတင်းဌာနများကို ဖြေကြားထားသည်။

ပြီးခဲ့သော ဇွန်လ ၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် လုပ်ကိုင်နေသော ကံပေါက်ဒေသခံတစ်ဦး အမြင့်ဆုံး ပထမဆု နှစ်စောင်တွဲ ထီပေါက်ခဲ့သဖြင့် ဘတ် ၁၂ သန်းကံထူးခဲ့သေးသည်။

Ref: Khaosod Online, naewna, Matichon Online