ရေကြီးမှုကြောင့် လမ်းနှစ်ပိုင်းပြတ်သွားသဖြင့် ခမောင်းသွယ်တိုက်နယ်က အရေးပေါ်ကား ယာယီရပ်နား

0
1972

ရေကြီး၊ ရေလျှံမှုကြောင့် လမ်းနှစ်ပိုင်းပြတ်တောက်သွားသဖြင့် ခမောင်းသွယ်တိုက်နယ်က အရေးပေါ်လူနာတင်ကား ပြေးဆွဲခြင်းကို ယာယီရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ် မြေးခံဘော်သွားလမ်းပေါ်ရှိ ညောင်တုန်းကျေးရွာတံတားထိပ်တွင် လမ်းနှစ်ပိုင်းပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

ယင်းအတွက်ကြောင့် မြေးခံဘော်တိုက်နယ်အတွင်း အားထားနေရသည့် အရေးပေါ်လူနာတင်ကားပြေးဆွဲခြင်းကိုယနေ့ ဇူလိုင်လ ၃၀ ရက်မှစပြီး ယာယီရပ်နားထားခြင်းဖြစ်ကြောင်း ဆိုသည်။

မိုးသည်ထန်စွာ ရွာသွန်းနေခြင်းကြောင့် မြေးခံဘော်တိုက်နယ်အတွင်း ‌ဇူလိုင်လ ၂၉ ရက်မှစပြီး ရေကြီး၊ ရေလျှံနေသည်။

ညောင်တုန်းချောင်းမှာလည်း ရေကြီး‌၊ ရေကြီးလျှံနေပြီး အရှိန်ဖြင့်တိုက်စားသောကြောင့် တံတားထိပ်ရှိ ကားလမ်းမ နှစ်ပိုင်းပြတ်သွားကြောင်း ခမောင်းသွယ် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။

“(အရေးပေါ်လူနာတင်) ကားကတော့ လုံးဝသွားလို့မရတော့ဘူး။ လမ်းကနှစ်ပိုင်းပြတ်နေတာ။ တံတားကတော့ဘာမှမဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။

ခမောင်းသွယ်အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့သည် ငွေကြေးမတတ်နိုင်သူများကို အခမဲ့ လူနာသယ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်ပြီး ငွေးကြေးတတ်နိုင်သူတို့ထံတွင်မူ စက်သုံးဆီဖိုးအလှူခံကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

လတ်တလောတွင် အရေးပေါ်လူနာ ဆေးရုံတက်လိုပါက ဆရာဒိုဝါးပုဂ္ဂလိကဆေးခန်းက အရေးပေါ်ကားကိုသာအားကိုးရတော့မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယခင်က ခမောင်းသွယ်တိုက်နယ်အနီး တောင်သုံးလုံးရွာတွင် အရေးပေါ်လူနာတင်ပရဟိတအဖွဲ့တစ်ခုရှိသော်လည်း ၂၀၂၂ ခုနှစ်မှစပြီး အကန့်သတ်မရှိ ရပ်နားလိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပရဟိတအရေးပေါ်ကားများ လုံခြုံရေးအာမခံချက်မရှိတော့ခြင်း၊ ‌စက်သုံးဆီဈေးမြင့်တက်လာခြင်းတို့ကြောင့် တောင်သုံးလုံးရွာရှိ အရေးပေါ်ပရဟတိတလူနာကယ်ဆယ်ရေးအဖွဲ့ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။