တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2080

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ

ကမ္ဘာ့အပူချိန် အမြင့်ဆုံးရောက်နေပြီဟု ကုလသမဂ္ဂဆို

ကမ္ဘာကြီး ပူနွေးလာနေတယ်ဆိုတဲ့ ခေတ်က မရှိတော့ဘဲ တစ်ကမ္ဘာလုံး ဆူပွက်နေအောင် အပူချိန်မြင့်မားတဲ့ခေတ်ကို ရောက်နေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုလိုက်ပါတယ်။

ဒါကို ဇူလိုင် ၂၇ ရက်နေ့က ပြုလုပ်တဲ့ နယူးယောက်က ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ ထုန်ပြန်ချက်အရ အခု ဇူလိုင်လက မှတ်တမ်းတင်ဖူးသမျှထဲမှာ အပူဆုံးလ ဖြစ်နေခဲ့ပါတယ်။

ဇူလိုင်လဟာ မှတ်တမ်းတင်ဖူးသမျှထဲ အပူဆုံး ၃ ပတ်ကြာ ကာလကို ဖြတ်ကျော်ခဲ့ပြီး စံချိန်တင် အပူဆုံး ၃ရက်လဲ ပါနေခဲ့ပါတယ်။ သမုဒ္ဒရာရဲ့ အပူချိန်ကလည်း အမြင့်ဆုံးဖြစ်နေတယ်လို့ သူက ဆိုထားပါတယ်။

ဒါကြောင့် ကမ္ဘာကြီးတခုလုံး ဘေးအန္တရာယ်ဖြစ်နေပြီလို့ သူက သတိပေးလိုက်ပါတယ်။

အယ်ဂျီရီးယားနိုင်ငံမှာ အပူချိန်မြင့်တက်လို့ အနည်းဆုံး လူ ၃၄ ဦးသေဆုံးခဲ့ပြီး ဂရိနိုင်ငံမှာတော့ တောမီးလောင်လို့ လူ ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

Ref: Aljazeera

………………………………..

အာဖရိကနိုင်ငံများကို ရုရှားက ကောက်ပဲသီးနှံ တင်ပို့ပေးမည်

အာဖရိကနိုင်ငံတွေထဲက လိုအပ်တဲ့နိုင်ငံ ၆ နိုင်ငံကို ရုရှားက ကောက်ပဲသီးနှံတွေ ရောင်းပေးတာ အလကားပေးတာတွေ လုပ်ပေးမယ်လို့ ရုရှားသမ္မတ ပူတင်က အာဖရိကခေါင်းဆောင်တွေကို ပြောကြားလိုက်ပါတယ်။

ယူကရိန်းကနေ တင်ပို့မှုကို ရုရှားက လက်မခံထားတဲ့အတွက် လူသားချင်း စာနာမှု အကူအညီတွေကို အာဖရိကနိုင်ငံတွေဆီ ဆက်လက် ပံ့ပိုးပေးသွားမယ်လို့ ပူတင်က ဆိုလိုက်တာပါ။

ယူကရိန်းကနေ ကောက်ပဲသီးနှံတွေကို ပင်လယ်နက်ကိုဖြတ်ပြီး ပို့ဖို့ သဘောတူညီချက်ကို ရုရှားဘက်က ငြင်းဆိုထားပါတယ်။

ပင်လယ်နက်ထဲ ဖြတ်သန်းတဲ့ ဘယ်သင်္ဘောကိုမဆို ယူကရိန်းအတွက် လက်နက်တင်ပို့နိုင်တယ်လို့ သတ်မှတ်ပြီး တိုက်ခိုက်မှာဖြစ်တယ်လို့ ရုရှားအစိုးရက ကြေညာခဲ့တာပါ။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ ရုရှားသမ္မတရဲ့ ပြောကြားချက်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်က မလုံလောက်ဘူးလို့ ဆိုထားပါတယ်။

Ref: Aljazeera

………………………………..

အာဖရိကအနောက်ပိုင်း နိုင်ဂျာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်

အာဖရိကတိုက်အနောက်ပိုင်း နိုင်ဂျာ (Niger) နိုင်ငံမှာ စစ်တပ်ကနေ သမ္မတ Mohamed Bazoum ကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တယ်လို့ ဇူလိုင်လ ၂၆ ရက်နေ့က ကြေညာလိုက်ပါတယ်။

စစ်သားတစ်ဖွဲ့ကနေ သမ္မတ Bazoum ကိုဖြုတ်ချလိုက်ပြီး အဖွဲ့အစည်းအားလုံးကို ရပ်တန့်ကာ နယ်စပ်အားလုံးကို ပိတ်လိုက်ပြီလို့ ရုပ်မြင်သံကြားပေါ်ကနေ ကြေညာခဲ့တာပါ။

ကုလသမဂ္ဂနဲ့ အမေရိကန်ကန်တို့က သမ္မတကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အမေရိကန်အနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရတဲ့ သမ္မတ Bazoum ကို အပြည့်အဝထောက်ခံတယ်လို့ ဆိုထားပါတယ်။

ကုလသမဂ္ဂကလည်း နိုင်ဂျာနိုင်ငံက ဒီမိုကရေစီနည်းလမ်းကျ အာဏာရထားတဲ့ အစိုးရ၊ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အနောက်အာဖရိက စီးပွားရေးအသိုင်းအဝန်းများကလည်း အာဏာသိမ်းမှုကို အပြစ်တင်ထားပါတယ်။

Ref: BBC

………………………………..

ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် အနည်းဆုံး ၃၉ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ အင်အားပြင်း Doksuri မုန်တိုင်းကြောင့် အနည်းဆုံး လူ ၃၉ ဦးသေဆုံးခဲ့ပါတယ်။

မြို့တော် မနီလာမြို့နားမှာ လေပြင်းကြောင့် ကူးတို့သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့လို့ ၂၆ ‌ဦးထက်မနည်း သေဆုံးခဲ့တာပါ။

ကူးတို့သင်္ဘောပေါ်မှာ ဘယ်နှစ်ယောက် ပါသွားသလဲဆိုတာတော့ အတိအကျမသိရှိရပေမဲ့ လူ ၄၀ ကျော်သာ ဆန့်တာကို ၆၀ ကျော်လောက်ပါသွားတယ်လို့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ဆိုထားပါတယ်။

လေပြင်းတိုက်ခတ်တဲ့အတွက် ခရီးသည်တွေ ထိတ်လန့်ပြီး သင်္ဘောတဖက်ခြမ်းမှာ သွားစုနေရာကနေ ကူးတို့သင်္ဘောမှောက်ခဲ့တာလို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

တစ်နာရီ ၁၀၈ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်းမုန်တိုင်းကြောင့် အိမ်ခေါင်မိုးတွေ လန်ထွက်ခဲ့သလို၊ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ခဲ့တယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

Ref: CNN

………………………………..

အီကွေဒေါမှာ အကျဉ်းထောင်ဆူပူမှုကြောင့် အနည်းဆုံး ၃၁ ဦးသေဆုံး

အီကွေဒေါနိုင်ငံက အကျဉ်းထောင်တစ်ခုမှာ ဇူလိုင်လ ၂၂ ရက်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် အကျဉ်းသား ၃၁ ဦးအထိ သေဆုံးခဲ့ရပါတယ်။

နောက်တော့ အစိုးရက နိုင်ငံတစ်ခုလုံးက ထောင်တွေကို ရက် ၆၀ အရေးအပေါ် အခြေအနေကြေညာလိုက်ရပါတယ်။

ထောင်ထဲမှာ ရာဇဝတ်ဂိုဏ်းတွေတစ်ခုနဲ့ တစ်ခု တိုက်ခိုက်ခဲ့ကြတာပါ။

စစ်သားထောင်နဲ့ချီ Guayaquil မြို့က ထောင်ကို ဝင်ရောက်စီးနင်းပြီး အခြေအနေကို ထိန်းချုပ်ခဲ့ရပါတယ်။

ထောင်အခန်းတွေကို ဝင်ရောက်ရှာဖွေချိန်မှာတော့ သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

Ref: BBC

………………………………..

ကမ္ဘောဒီးယား တဖက်သတ်ဆန်သော ရွေးကောက်ပွဲ ဟွန်ဆန်ပါတီ အနိုင်ရ

ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပတဲ့ ကမ္ဘောဒီးယားနိုင်ငံ တစ်ဖက်သတ်ဆန်တဲ့ ရွေးကောက်ပွဲမှာ နှစ် ၄၀ နီးပါး အာဏာချုပ်ကိုင်ထားတဲ့ ဟွန်ဆန်ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

အတိုက်အခံပါတီရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးထောင်ချပြီး ရွေးကောက်ပွဲကနေ ဖယ်ရှားခဲ့ပြီးမှ ဒီရွေးကောက်ပွဲကို ကျင်းပခဲ့တာပါ။

ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က အခြားပါတီငယ်ပေါင်း ၁၇ ပါတီနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။

ဒီပါတီငယ်တွေက ၂၀၁၈ ရွေးကောက်ပွဲတုန်းကလည်း အနိုင်မရရှိဖူးပါဘူ။

ရွေးကောက်ပွဲကော်မရှင်အရတော့ မဲပေးသူ ၈၄ ရာခိုင်နှုန်းရှိခဲ့ပြီး လူဦးရေ ၈ ဒသမ ၁ သန်း မဲလာပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဟွန်ဆန်ကတော့ သားဖြစ်သူ ဟွန်မနက်ကို ဝန်ကြီးချုပ်အာဏာလွှဲပေးမယ်လို့ ကြေညာခဲ့ပါတယ်။

Ref: CNN

………………………………..

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဩဂုတ်လမှာ ပြည်တော်ပြန်မည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ သြဂုတ် ၁၀ ရက်မှာ နိုင်ငံတွင်းကို ပြန်လာတော့မှာဖြစ်တယ်လို့ သမီးဖြစ်သူက ကြေညာခဲ့ပါတယ်။

သက်ဆင် ပြန်ရောက်ရှိလာတာနဲ့ အကျဉ်းထောင်ကို တိုက်ရိုက်သွား မသွားကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သက်ဆင်က မတရားစွဲဆိုခံထားရတဲ့ အကျင့်ဖျက်ချစားရေး စွဲချက်တွေကို ရှောင်လွှဲနိုင်ဖို့ ပြည်ပမှာ ရှောင်နေခဲ့တာပါ။

သူဟာ ထိုင်းဝန်ကြီးချုပ်ဖြစ်နေတဲ့ ၂၀၀၆ ခုနှစ်က စစ်တပ်ကနေ အာဏာသိမ်းခဲ့လို့ ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

တာလီဘန်တွေရဲ့ အမိန့်ကြောင့် အာဖဂန်နစ္စတန်မှာ အလှပြင်ဆိုင် တစ်သောင်းကျော် ပိတ်သိမ်း

တာလီဘန်တွေက အမျိုးသမီး အလှပြင်ဆိုင်တွေ ပိတ်ဖို့ ထုတ်ပြန်ထားတဲ့ရက်မရောက်မီ ဇူလိုင်လ ၂၄ရက်နေ့က အာဖဂန်အမျိုးသမီးတွေ ဆိုင်ပေါင်း ၁၀၀၀၀ ကျော်ကို ပိတ်သိမ်းနေခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးအလှပြင်ဆိုင်တွေကို တစ်လထဲ ပိတ်သိမ်းဖို့ တာလီဘန်တွေက အမိန့်ထုတ်ပြန်ထားခဲ့တာပါ။

ဒီလိုအမိန့်ကြောင့် အလှအပဆိုင်ရာလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုင်ပေါင်း ၁၂၀၀၀ ကျော် ပိတ်လိုက်ရပါတယ်။

နောက် အမျိုးသမီး ၆၀၀၀၀ ကျော်လောက် အလုပ်အကိုင် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

တာလီဘန်တွေက အာဖဂန်အမျိုးသမီးတွေ ပညာသင်ခွင့်ပိတ် အလုပ်လုပ်ခွင့် ပိတ်နေတဲ့အချိန်မှာ ယခုထုတ်ပြန်ချက်က အမျိုးသမီးတွေအတွက် ပိုမို ဆိုးဝါးစေခဲ့ပါတယ်။

Ref: France 24

………………………………..

ဂရိတောမီး ငြိမ်းသတ်နေတဲ့ မီးသတ်လေယာဉ် ပျက်ကျ

ဂရိနိုင်ငံ တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေတဲ့ လေတပ်က မီးသတ်လေယာဉ်တစင်း ဇူလိုင်လ ၂၅ ရက်နေ့က ပျက်ကျခဲ့ပါတယ်။

လေယာဉ်က Evia ကျွန်းမှာ ပျက်ကျခဲ့တာဖြစ်ပြီး အနိမ့်ပျံသန်းနေစဉ် ချောက်ထဲကို ထိုးကျသွားပြီး မကြာခင်မှာပဲ မီးလုံးကြီး တစ်ခု တက်လာတာပါ။

လေယာဉ်က ပျက်ကျရင် ခုန်ထွက်နိုင်တဲ့ ထွက်ပေါက်စနစ် မရှိခဲ့ပါဘူး။

ပျက်ကျမှုကြောင့် လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့သလို တောမီးကြောင့် ပျောက်ဆုံးနေတဲ့ သူတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

ဂရိမှာ အပူလှိုင်း ဖြတ်သန်းနေလို့ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်အထက်ကို ရောက်နေပါတယ်။

အပူဒဏ်ကြားမှာ တောမီးက ရက်ပေါင်းများစွာ လောင်ကျွမ်းနေလို့ လူသောင်းချီ ဘေးလွတ်ရာ ပြောင်းရွှေ့နေကြပါတယ်။

Ref: REUTERS

………………………………..

အမျိုးသမီးကမ္ဘာ့ဖလား အိမ်ရှင် နယူးဇီလန်ကို ဖိလစ်ပိုင် အနိုင်ရ

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲမှာ အိမ်ရှင် နယူးဇီလန်အသင်းကို ဖိလစ်ပိုင် အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်ပါတယ်။

ဖိလစ်ပိုင်အသင်းကို အားပေးသူတွေကတော့ အံ့အားသင့်စရာ အောင်မြင်မှုအနေနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားကို တစ်ကြိမ် ဗိုလ်စွဲခဲ့ဖူးတဲ့ ဂျပန်အသင်းက ဇမ်ဘီယာ အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိထားပါတယ်။

တောင်ကိုရီးယားအသင်းကတော့ ကိုလမ်ဘီယာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Ref: Aljazeera

………………………………..