ရွှေခိုးယူထွက်ပြေးလာသည့် ထိုင်းနိုင်ငံသားကို မြန်မာဘက်က ပြန်လွှဲပေး

0
3194

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေခိုးယူပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကို မြန်မာဘက်က ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အဆိုပါထိုင်းနိုင်ငံသားကို ဖမ်းဆီးကာ ထောင်ဒဏ်ခြောက်လ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းချခဲ့သည်။

ယင်းနောက် လွတ်ရက်စေ့ပြီဖြစ်သဖြင့် ဇူလိုင်လ ၂၅ရက်တွင် ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။

အသက် ၃၄ နှစ်အရွယ် အဆိုပါထိုင်းနိုင်ငံသားသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဝယ်သမားဟန်ဆောင်ကာ ဘတ် တစ်သိန်းခွဲတန်ဖိုးရှိ ရွှေကြိုးကို အလစ်သုတ်ခိုးယူခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့ကာ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်ဘက်ခြမ်းသို့ ရေကူး၍ ထွက်ပြေးသွားခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေသော ၎င်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခု၌ မြန်မာအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။

လွတ်ရက်စေ့ပြီးနောက် ၎င်းကို တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတဆင့် ထိုင်းအာဏာပိုင်များထံသို့ မြန်မာအာဏာပိုင်များက ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်တွင်လည်း ၎င်းသည် ရွှေခိုးယူမှုနှင့် ထွက်ပြေးတိမ်းရှောင်မှုတို့ဖြင့် ထပ်မံ အရေးယူခံရမည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။

Ref: MGR Online, Siamrath