တာခ့်ခရိုင်တွင် ကားတိုက်မှုကြောင့် တရားမဝင် မြန်မာလုပ်သားများ သေဆုံး

0
2362

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်၊ တာခ့်မြို့ မီးပွိုင့်လမ်းဆုံတွင် တရားမဝင် မြန်မာအလုပ်သမားများပါသော ပစ်ကပ်ကားနှင့် ၆ ဘီးတပ်ကုန်တင်ကား တိုက်မိပြီး ကားသမားနှင့် မြန်မာအလုပ်သမား ၅ ဦး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကားတိုက်မှုသည် ယနေ့ (ဇူလိုင် ၂၀) နံနက် ၄ နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ၁၂ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

မြို့ထဲရှိ လမ်းဆုံတွင် ကားတိုက်မှုဖြစ်ကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့များနှင့် ဆေးရုံကယ်ဆယ်ရေးအဖွဲ့များ အရေးပေါ်သွားရောက် ကူညီခဲ့ကြသည်။

ကားတိုက်မှုကြောင့် ပစ်ကပ်ကား တစ်စီးလုံး လုံးဝပျက်စီးနေပြီး လမ်းပေါ်လွင့်စင်နေသူများ၊ ကားထဲပိတ်မိနေသူများကို တွေ့ရှိခဲ့ရသည်။

ကားအတွင်း ပိတ်မိနေသူများကို ဖြတ်စက်များသုံး၍ ကယ်ထုတ်ပေးခဲ့ရပြီး ကားသမားအပါအဝင် သေဆုံးသူ ၅ ဦးစလုံးက အမျိုးသားများဖြစ်သည်။

ကျန် ပြင်းထန်ဒဏ်ရာရရှိထားသော အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦးကို တာခ့်ခရိုင် တတ်ဆင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း‌ ဖော်ပြထားသည်။

အနီးတွင် ၆ ဘီးတပ် ကုန်တင်ကားတစ်စီး မှောက်နေသည်ကို တွေ့ရှိခဲ့ရပြီး အသက် ၂၆ နှစ်အရွယ် ထိုင်းကားသမားက ရဲတပ်ဖွဲ့အလာကို စောင့်ဆိုင်းနေကြောင်း ဖော်ပြထားသည်။

ကုန်တင်ကားသည် ဖစ်စနူလို့ခရိုင်မှ မဲဆောက်မြို့သို့ ပစ္စည်းပို့ရန် ညသန်းခေါင်အချိန် မောင်းနှင်လာခြင်းဖြစ်ပြီး မီးပွိုင့်အရောက်တွင် အိပ်ငိုက်သွားသဖြင့် အရှိန်ဖြင့်လာနေသော ပစ်ကပ်ကားကို မမြင်လိုက်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း ကားသမား၏ ဖြေကြားချက်ကို ဖော်ပြထားသည်။

ရုတ်တရက်ဖြစ်ပေါ်သွားသဖြင့် မီးပွိုင့်တွင် အချက်ပြမီး ဘယ်အရောင်ရှိနေသည်ကို မသိရှိလိုက်ဟုဆိုသည်။

ပစ်ကပ်ကားသည် တရားမဝင် မြန်မာအလုပ်သမားများကို တင်ဆောင်လာခဲ့ပြီး ချွန်ဘူရီခရိုင်သို့ သွားရောက်ရန် ဦးတည်ထားကြောင်း သိရသည်။

ကားတိုက်မှုအကြောင်း အသေးစိတ်သိရှိနိုင်ရန်အတွက် ရဲတပ်ဖွဲ့များက ထပ်မံစုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: Khaosod Online, Matichon Online, CH 8