ထုံခါ-မောတောင်လမ်း ပြန်ဖွင့်

0
2026

တိုက်ပွဲကြောင့် တစ်ပတ်နီးပါးအကြာ ပိတ်ထားသည့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ကော်သူးလေတပ်မတော် (KTLA)က ယနေ့ထုတ်ပြန်လိုက်သည်။

တိုက်ပွဲကြောင့် ထုံခါ-မောတောင်လမ်းပိုင်းကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ အသုံးမပြုရန် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များက ထုတ်ပြန်ထားပြီးနောက် ယနေ့(ဇူလိုင် ၂၀)တွင်သွားလာခွင့် ပြန်ပြုလိုက်ခြင်းဖြစ်သည်။

“မောတောင်လမ်း ဒီနေ့ပြန်ဖွင့်တာ သိပြီးပါပြီ။ မနက်ဖြန် ကားတွေ ပြန်ထွက်ဖို့စီစဥ်နေပါတယ်”ဟု မြိတ်မြို့မှ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦး ကပြောသည်။

ယင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ကော်သူးလေအပါအဝင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့ ငါးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါခဲ့သည်။

ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းသည် မြိတ်ခရိုင်ဘက်မှ ရေထွက်ပစ္စည်းများ ထိုင်းနိုင်ငံသို့တင်ပို့ရာ မောတောင်-စင်းခွန်နယ်စပ်ဂိတ်သို့သွားရောက်ရသည့် လမ်းဖြစ်သည်။