မြိတ်တွင် မိုးသက်လေပြင်းကြောင့်သမ္ဗန်လှေ ၁၅ စီး နစ်မြုပ်

0
2673

မြိတ်မြို့တွင် မိုးသက်လေပြင်းများကျရောက်သဖြင့် ဇူလိုင်လ ၁၈ နှင့် ၁၉ ရက် နှစ်ရက်တာအတွင်း သမ္ဗန်‌လှေ၁၅ စီးခန့် နစ်မြုပ်ခဲ့ရကြောင်း သမ္ဗန်‌ မောင်းနှင်သူအချို့က ပြောသည်။

မြိတ်ကမ်းနားလမ်းရှိ ဆားတံတား၊ ပြည်တော်သာတံတားနှင့် ဆိပ်ငယ်တံတားတို့ရှိ သမ္ဗန်‌လှေများ နစ်မြုပ်နေကြောင်း ၎င်းတို့က ဆိုသည်။

“မနေ့က မြုပ်တာ အစီးရေနည်းတယ်။ ညတုန်းက မိုးလေတအားကြမ်းတော့ မနေ့ကထက် မြုပ်တဲ့လှေပိုများတယ်။ အားလုံး ၁၅ စီးလောက်ရှိမယ်” ဟု ပြည်တော်သာတံတားရှိ သမ္ဗန်လှေမောင်းနင်သူတစ်ဦးက ပြောဆိုသည်။

ပင်လယ်ရေတက်သည့်အချိန်တွင်မိုးသက်လေပြင်းများကျရောက်ပြီး လေပြင်းကြောင့် လှိုင်းများပုတ်ခတ်လာသဖြင့် ကမ်းနားတစ်လျှောက် ကျောက်ချရပ်နားထားသည့် သမ္ဗန်လှေများ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“အရင်တုန်းက ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။ အလွန်ဆုံး တစ်စီးစ နှစ်စီးစပဲ မြုပ်တတ်တာ။ ရေကလည်း လမ်းပေါ်အထိ တက်မြုပ်နေတာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းကဲ့သို့ သမ္ဗန်လှေများ နစ်မြုပ်ခဲ့ရသဖြင့် လှေပေါ်ရှိ အခင်းပျဉ်ပြားများ ရေထဲမျောပါခဲ့ရကြောင်း သမ္ဗန်လှေမောင်းသူအချို့က ဆိုသည်။

“ပျဉ်ပြားတွေက နည်းနည်းပါးပါး ပြန်ဆယ်မိသေးတယ်၊ အင်ဂျင်တွေက ရေငန်တွေ ဝင်ကုန်ပြီဆိုတော့ စက်တစ်လုံးလုံး ပြန်ဆေးမှ ရတော့မယ်” ဟု သမ္ဗန်လှေ နစ်မြုပ်ခဲ့သူ တစ်ဦးက ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင် မိုးသက်လေပြင်းများ ထပ်မံကျရောက်နိုင်သဖြင့် သမ္ဗန်လှေများ ထားသည့်နေရာ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ဆားတံတားရှိ သမ္ဗန်လှေ မောင်းသူအချို့က ပြောပြသည်။

“နီးစပ်ရာ ချောင်းထဲတွေမှာ သွားထားဖို့ လုပ်နေပါတယ်” ဟု ဆားတံတားရှိ သမ္ဗန်လှေမောင်းသူတစ်ဦးက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေကြောင်း ထုတ်ပြန်ထားသည်။

တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်တွင် ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ရေပြင်လေသည် အနောက်(သို့)အနောက်တောင်နှင့် တစ်နာရီလျှင် ၁၅ မိုင်မှ ၂၀ မိုင်၊ တစ်ခါတစ်ရံမိုင် ၄၀ မှ ၄၅ မိုင်တိုက်ခတ်နိုင်ပြီး လှိုင်းကြီးမည်ဖြစ်ကာ လှိုင်းအမြင့် ၁၀ ပေမှ ၁၃ ပေအထိ ရှိမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။