ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ကော်သူးလေနှင့် KNU ပစ်ခတ်မှုဖြစ်၊ အရပ်သား ၂ ဦးဒဏ်ရာရ

0
1845

ထားဝယ်မြို့နယ် မေတ္တာ-ထီးခီးလမ်းပိုင်းရှိ ပျားဆေးချောင်းအနီးတွင် KNU တပ်မဟာ (၄) လက်အောက်ခံတပ်နှင့် ကော်သူးလေတပ်မတော် (KTLA) တို့ ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သား ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက်က ပျားဆေးချောင်းအနီးတွင် ကော်သူးလေတပ်မတော်ကို ကရင်အမျိုးသား လွတ်မြောက်‌ရေးတပ်မတော် (KNLA) တပ်ရင်း ၁၀ ၏ တပ်ခွဲ ၁ နှင့် တပ်ခွဲ ၂ က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာဘက်မှ ထိုင်းဘက်သို့ တရားမဝင် သွားရောက်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (ဒေသအခေါ်ဘောလုံး) တစ်ရာခန့်ကို ချောင်းတစ်ဖက်ကမ်းသို့ စက်လှေဖြင့်ကူးရန် သွားကြိုပေးချိန် KNLA တပ်ကပစ်ခတ်ကြောင်း ကော်သူးလေတပ်မတော် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့အဖွဲ့က ရေချောင်းဟိုဘက်ခြမ်းက လှမ်းပစ်တာပဲရှိတယ်။ ကျွန်တော်တို့အဖွဲ့က ပြန်မပစ်ဘူးလေ။ သူတို့ဘက်မှာတော့ ဒဏ်ရာရတာ မရှိဘူး။ ကျွန်တော်တို့ဘက်က တစ်ချက်မှ ပြန်မပစ်တာ” ဟု ၎င်းကပြောဆိုသည်။

KNLA ၏ ပစ်ခတ်မှုကြောင့် ကော်သူးလေတပ်က နှစ်ဦးနှင့် ထိုင်းနိုင်ငံသို့သွားမည့် ရွှေ့ပြောင်းအလုပ်သမားနှစ်ဦး ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။

KNU ဘက်ကမူ မေတ္တာ-ထီးခီးဘက် ပစ်ခတ်မှုနှင့်ပက်သက်၍ လတ်တလောတွင် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မတွေ့ရသေးသလို KNU တပ်မဟာ ၄ သို့ ဆက်သွယ်ရန်ကြိုးစားသော်လည်း ဆက်သွယ်မရသဖြင့် မေးမြန်းနိုင်ခြင်းမရှိသေးပေ။

သို့သော် ကရင်တိုင်းရင်းသားဘာသာဖြင့် ကရင်သတင်းများဖော်ပြနေသည့် Kwe Ka Luu News တွင်မူ ကော်သူးလေ တပ်မတော်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တနင်္သာရီတိုင်းအခြေစိုက် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့များနှင့် ကော်သူးလေတပ်တို့အကြား တင်းမာမှုများရှိနေပြီး ယခုနှစ်အတွင်း ယင်းကရင်လက်နက်ကိုင် နှစ်ဖွဲ့အကြားတွင် ပစ်ခတ်တိုက်ခိုက်မှု အနည်းဆုံးလေးကြိမ်ခန့် ဖြစ်ပွားခဲ့သည်။

ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကြား စစ်ရေးတင်းမာနေမှုကို ငြိမ်းချမ်းသည့်နည်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တိုင်းအတွင်းနေ ကရင်ပြည်သူများကလည်း တောင်းဆိုထားသည်။