တနင်္သာရီတိုင်းတွင် ဇွန်လအတွင်း စစ်ဘေးရှောင်ထပ်တိုးလာသဖြင့် သုံးသောင်းခွဲအထိရောက်ရှိ

0
1729

တနင်္သာရီတိုင်းတွင် ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ တစ်ထောင်ကျော် ထပ်တိုးလာပြီး စစ်ဘေးရှောင်အရေအတွက် သုံးသောင်းခွဲအထိရှိလာပြီဖြစ်ကြောင်း FE5 Tanintharyi ၏ လစဉ်ထုတ်ပြန်ချက်အရသိရသည်။

FE5 Tanintharyi သည် တနင်္သာရီတိုင်းအတွင်းရှိ ပဋိပက္ခအခြေအနေများ၊ အရပ်သားများအပေါ် ကျူးလွန်မှုများ၊ အရေးကြီးသော လူမှုစီးပွားအဖြစ်အပျက်များနှင့်စစ်ပွဲနှင့် စစ်ဘေးရှောင် အခြေအနေများကို သုတေသနပြုကာ လစဉ်အစီရင်ခံစာ ထုတ်ပြန်နေခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၃၅၀၀၀ ကျော်အထိရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအရေအတွက်သည် ဧပြီလနှင့် မေလအတွင်း စစ်ဘေးရှောင် ၃၄၀၀၀ ကျော်သာရှိခဲ့ရာမှ ဇွန်လတွင် ၁၀၀၀ ထပ်တိုးလာခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသော တစ်နှစ်တာ စစ်ဘေးရှောင်များအခြေအနေပြ ဂရပ်အရ သိရသည်။

ဇွန်လတွင် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ၁၀၀၀၀ ကျော်၊ လောင်းလုံးမြို့နယ်တွင် ၅၀၀၀ ကျော်နှင့် ထားဝယ်နှင့် ရေဖြူမြို့နယ်များတွင် ၁၀၀၀ ကျော် စုစုပေါင်း ၁၆၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်သို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သားဖမ်းဆီးသတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှုများကြောင့် စစ်ဘေးရှောင်အရေအတွက် သောင်းချီရှိလာခဲ့ပြီး တစ်ချို့ နေရပ်ပြန်လည်နေထိုင်နေပြီဖြစ်ကာ ယခုအချိန်အထိ စစ်ဘေးရှောင် ၂၀၀၀ ကျော်ကျန်နေသေးကြောင်း FE5 နှင့် ဒေါနတနင်္သာရီ-စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်၊ ညောပြင်၊ ကျောက်ဝပ်ပြင်၊ ကျောက်မတ်တပ်ရွာရှိ ဒေသခံ ၅၀၀၀ ခန့်သည် စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေးကြေညာခံထားရသော မြိတ်ခရိုင် ပုလောနှင့် တနင်္သာရီမြို့နယ်များတွင် တိုက်ပွဲရက်ဆက် ဖြစ်ပွားနေမှုကြောင့် နေရပ်စွန့်ခွာခဲ့ရသူ ၁၉၀၀၀ ကျော်ရှိခဲ့ကြောင်း တွေ့ရသည်။

ယင်းအရေအတွက်တွင် အမြဲတမ်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူဦးရေ ၄၂၀၀ ကျော်ရှိသည်။

မြိတ်ခရိုင် ပုလောမြို့နယ်တစ်ခုတည်းတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁၂၆၀၀ ခန့်အထိရှိနေခဲ့ပြီး မိမိနေရပ်ပြန်လည်နေထိုင်သူ အရေအတွက် နည်းပါးနေသေးကြောင်း ဖော်ပြထားသည်။

တနင်္သာရီမြို့နယ်တွင်လည်း ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၆၅၀၀ ကျော်ရှိခဲ့သည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီဘက်က ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များ ကန့်သတ်ထားသဖြင့် စစ်ဘေးရှောင်များ မိုးရာသီတွင် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး အကူအညီများ ပိုမိုလိုအပ်နေခဲ့ကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။

“စားနပ်ရိက္ခာနဲ့ အမိုးအကာက အလိုအပ်ဆုံးဖြစ်ပြီး ငှက်ဖျားလိုမျိုးရောဂါအတွက် ဆေးဝါးတွေလည်း လိုအပ်နေပါတယ်” ဟု ယင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်း စစ်ဘေးရှောင်များသည် ဆန်လိုအပ်ချက် အဓိကဖြစ်သဖြင့် “ဝသန်ဦးအတွက် ဆန်စုဗူး” ကမ်ပိန်းပြုလုပ်ကာ အလှူခံလျက်ရှိသည်။

ကမ်ပိန်းကို ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့၊ ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ၊ နွေဦးမေတ္တာ-စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့၊ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက်၊ တနင်္သာရီအခြေစိုက် ကျောင်းသားသမဂ္ဂများကွန်ရက်များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အများစုသည် အရေအတွက်ကိန်းသေမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ အရေအတွက် အပြောင်းအလဲ အမြဲရှိနိုင်ကြောင်း အစီရင်ခံစာက ထုတ်ပြန်ထားသည်။