လူသတ်မှုဖြင့် မြန်မာအိမ်အကူအမျိုးသမီးကို စင်ကာပူတရားရုံးက ထောင်ဒဏ်တစ်သက်ချ

0
1962

အိမ်ရှင်၏ ယောက္ခမဖြစ်သူကို ဓားဖြင့်ထိုးသတ်မှုဖြင့် မြန်မာအိမ်အကူအမျိုးသမီးကို စင်ကာပူတရားရုံးက ဇူလိုင်လ ၄ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ကြောင်း စင်ကာပူသတင်းဌာနများတွင် ဖော်ပြသည်။

မဇင်မာနွယ်ဆိုသည့် မြန်မာအိမ်အကူအမျိုးသမီးသည် လူသတ်မှုအတွက် အပြစ်ရှိကြောင်း ယခုနှစ် မေလ ၁၈ ရက်နေ့က တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က စင်ကာပူနိုင်ငံသို့ အိမ်အကူလုပ်ရန် ရောက်ရှိလာခဲ့သည်။

ယင်းအချိန်က အသက် ၁၇နှစ်အရွယ်သာရှိသေးသော်လည်း အလုပ်အကိုင်အေဂျင်စီက နိုင်ငံကူးလက်မှတ်တွင် အသက် ၂၃ နှစ်ဟု လိမ်လည်ဖော်ပြစေကာ စင်ကာပူသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

လူသတ်မှုဖြစ်ပြီးနောက် စင်ကာပူဆေးရုံတွင် အရိုးသက်တမ်းစစ်ဆေးခဲ့သောအခါ အသက် ၁၇ နှစ်အရွယ်သာ ရှိနေသေးကြောင်း ဖော်ထုတ်ခဲ့သည်။

လူသတ်မှုဖြစ်ပွားချိန်က အဆိုပါမြန်မာအိမ်အကူသည် အသက် ၁၈ နှစ် မပြည့်သေးသည့်အတွက် တရားရုံးက သေဒဏ်ပေးခွင့်မရှိဘဲ ထောင်ဒဏ်တစ်သက်သာ ချခွင့်ရှိကြောင်း တရာသူကြီးက ဆိုခဲ့သည်။

မြန်မာမိန်းကလေးသည် အဆိုပါအိမ်တွင် အိမ်အကူအဖြင့် ၂၀၁၈ ခုနှစ် မေလ ၁၀ ရက်နေ့က စတင်လုပ်ကိုင်ခဲ့ပြီး အိမ်ရှင်ဇနီးမောင်နှံနှစ်ဦး၊ ၎င်းတို့၏ သမီးနှစ်ဦးနှင့်အတူ နေထိုင်နေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အိမ်ရှင်၏ ယောက္ခမဖြစ်သူသည် သားဖြစ်သူအိမ်တွင် တစ်လကြာနေထိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ မေလ ၂၆ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

အဆိုပါအမျိုးသမီးသည် ၎င်းကို ပူနေသော ဒယ်အိုးဖြင့်ကပ်ခြင်း၊ မီးတောက်အနီး သူမလက်ကို ကပ်ခြင်း၊ ပန်းကန်ခွက်ယောက်များနှင့် လက်များဖြင့် ရိုက်နှက်ခြင်း၊ ခြေသည်းညှပ်ပြီး နှိပ်ပေးစဉ်တွင် ဝမ်းဗိုက်ကို ကန်ကျောက်ခြင်း စသည့် နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း မြန်မာမိန်းကလေးက ထွက်ဆိုသည်ဟု ရေးသားထားသည်။

ယင်းအပြင် စင်ကာပူသို့ လာသည့် အကြွေးမကျေသေးခင် အိမ်ပြန်ပို့မည်ဟု ခြိမ်းခြောက်ခံရခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် ၂၀၁၈ခုနှစ် ဇွန်လ ၂၅ရက် နေ့လယ်ပိုင်းတွင် အိမ်ရှင်၏ ယောက္ခမဖြစ်သူ တီဗီကြည့်နေချိန် မြန်မာ အိမ်အကူ မိန်းကလေးက မီးဖိုချောင်က ဓါးဖြင့် အချက်ရေ ၂၆ကြိမ်အထိ ထိုးသတ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းနောက် ဓါးကိုဆေးကြော၊ အဝတ်အစားလဲ၊ ငွေသားနှင့် ပိုင်ဆိုင်မှုများကို ယူဆောင်ကာ အခန်းမှ ထွက်ပြေး လာခဲ့ပြီး အေဂျင်စီသို့ နိုင်ငံကူးလက်မှတ်ပြန်ပေးရန် သွားရောက်တောင်းခံခဲ့သည်ဟု ဆိုသည်။

၎င်းသည် စင်ကာပူနိုင်ငံအတွင်း ၅ နာရီခန့်ကြာ လှည့်ပတ်သွားလာခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်းက အေဂျင်စီသို့ ပြန်ရောက်လာသောအချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကနဦးတွင် ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး အခြားအမျိုးသားနှစ်ဦးက လာရောက်သတ်သွားသည်ဟု ထွက်ဆိုခဲ့သေးကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာမိန်းကလေးသည် စိတ်ဝေဒနာ ခံစားနေရသူဖြစ်ကြောင်း ၎င်း၏ ရှေ့နေက လျှောက်လဲချက်ပေးခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့ပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

Ref: CNA, The Strait Times