တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2236

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ

လ ၂၀ အတွင်း အရပ်သားခြောက်ထောင်ကျော် အသတ်ခံရ

မြန်မာန်ိုင်ငံမှာ အာဏာသိမ်းပြီးနောက် လ ၂၀ ကာလအတွင်း အရပ်သားခြောက်ထောင်သုံးရာကျော် သတ်ဖြတ် ခံရတယ်လို့ နော်ဝေနိုင်ငံအခြေစိုက် အော်စလိုငြိမ်းချမ်းရေးသုတေသနအင်စတီကျု (PRIO) က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ အခြေအနေကို သုတေသနပြုထားတာလို့ ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို အဓိက သတ်ဖြတ်သူဖြစ်ပြီး အာဏာသိမ်းမှုဆန့်ကျင်သူတွေကလည်း အများအပြားသတ်ခဲ့တယ်လို့ PRIO ရဲ့ သုတေသနပါမောက္ခက ပြောပါတယ်။

စစ်ကောင်စီတပ်က ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပါအဝင် အရပ်သား သုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး အာဏာသိမ်းမှု ဆန့်ကျင်သူတွေက နှစ်ထောင်ကျော် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် အရပ်သား တစ်ထောင်ကျော်ကိုတော့ ဘယ်သူတွေက သတ်တယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက PDF လို့ သံသယရှိသူနဲ့ PDF ထောက်ပံ့သူတွေကို ပစ်မှတ်ထားသတ်ဖြတ်ခဲ့သလို PDF တွေဘက် ကလည်း သတင်းပေးဒလန်၊ စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေကို သတ်ဖြတ်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ စစ်ကောင်စီက အရပ်သားပြည်သူ သုံးထောင်ရှစ်ရာကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

……………………………………

နေအိမ်ခုနစ်သောင်းကျော် မီးရှို့ခံရ

အာဏာသိမ်းကာလအတွင်း နေအိမ်ပေါင်း ခုနစ်သောင်းကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဇွန်လ ၁၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် မေလကုန်အထိ နိုင်ငံတဝန်းမှာ နေအိမ် ၇၀၃၂၄ လုံး မီးရှို့ဖျက်ဆီး ခံရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ နေအိမ် ငါးသောင်းသုံးထောင်ကျော် မီးရှို့ခံရပြီး တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်ပါတယ်။ မကွေးတိုင်းမှာ တစ်သောင်းကျော်၊ ချင်းပြည်နယ်မှာ တစ်ထောင့်ခြောက်ရာကျော် မီးရှို့ခံရပါတယ်။ ကချင်နဲ့ မန္တလေးမှာလည်း တစ်ထောင်ကျော်ရှိပြီး တနင်္သာရီတိုင်းမှာတော့ ခြောက်ရာကျော် မီးရှို့ခံရပါတယ်။

နောက်ထပ် တိုင်းနဲ့ ပြည်နယ် ခုနစ်ခုမှာလည်း မီးရှို့ခံရတာ ရှိနေပါတယ်။

၂၀၂၃ ခုနှစ် ငါးလအတွင်းမှာကိုပဲ နေအိမ်ပေါင်း နှစ်သောင်းကျော် မီးရှို့ခံရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ စစ်ကိုင်းနဲ့ တနင်္သာရီထဲက မြို့နယ်တချို့မှာလည်း စစ်ကောင်စီတပ်စစ်ကြောင်း မီးရှို့တာတွေ ရှိနေပါတယ်။

……………………………………

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့ပြီ

စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ကရင်နီပြည်မှာ ပြည်နယ်အစိုးရတစ်ရပ်လို အုပ်ချုပ်စီမံမယ့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို ဇွန်လ ၁၂ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါပြီ။

ကရင်နီပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း အုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။

ဒါကြောင့် ပြည်နယ်ထဲက လက်နက်ကိုင်တွေကို ICE က ကိုယ်စားပြုတယ်လို့လည်း ဆိုပါတယ်။

ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ခွန်းဘီထူးတို့က တာဝန်ယူထားပါတယ်။

ကောင်စီကို အဖွဲ့ဝင်ခြောက်ဦးနဲ့ ဖွဲ့ထားပြီး ပြည်နယ်ရေးရာဌာန ၁၂ ရပ် ထားရှိသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ကြားကာလပြည်နယ်အစိုးရတစ်ရပ်ရဲ့ အုပ်ချုပ်ရေးကို ဖောင်ဆောင်တာ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍတွေကို အပြန်အလှန်ထိန်းညှိပြီး တည်ငြိမ်ရေးကိုဖော်ဆောင်တာ၊ အင်အားစုအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့၊ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လုပ်ဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ လက်တွဲသွားမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပအင်အားစုတွေနဲ့ ချိတ်ဆက် လုပ်ဆောင်မယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် CDM တွေ၊ တတ်သိပညာရှင်တွေနဲ့ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပံ့ပိုးပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ပြည်နယ်အစိုးရသစ်ပေါ်ချိန်မှပဲ IEC ကို ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။

IEC ကို ဖွဲ့စည်းလိုက်တာကြောင့် စစ်ကောင်စီဘက်က စစ်ရေးအရ ပိုမိုဖိအားပေးလာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

……………………………………

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်တွေ သွားတွေ့တယ်လို့သတင်းထွက်

ထောင်ဒဏ် ၃၃နှစ် ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်တွေ သွားတွေ့တယ်ဆိုတဲ့သတင်းတွေ ယခုသီတင်းပတ်အတွင်း ထွက်ပေါ်နေပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ကို ဦးဆောင်တဲ့ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ သွားရောက် တွေ့ဆုံခဲ့တာလို့ ပြည်တွင်းသတင်းဌာနတချို့မှာ ဖော်ပြပါတယ်။

မေလကုန်ပိုင်းနဲ့ ဇွန်လဆန်းပိုင်းမှာ နှစ်ကြိမ်တိုင်တိုင်သွားတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကို နားချပေးဖို့နဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ဝင်ကူဖို့ လာဆွေးနွေးတာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က သဘောထားမှတ်ချက် ပြန်ပေးတာမျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုလို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့သတင်းဟာ ကောလာဟလပဲ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ 

စစ်ကောင်စီထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတာတွေရှိတဲ့ ရန်ကုန်တိုင်း သံလျင်မြို့နယ် သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရကလည်း NLD ပါတီ နာယက သူရဦးတင်ဦးနဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးကနေ အနားယူနေပြီးတော့ ငြိမ်းချမ်းရေးပဲ ကူလုပ်ဖို့ ပြောဆိုခဲ့ပါသေးတယ်။

……………………………………

စိစစ်ပြီးမငှားရင် နေအိမ်တိုက်ခန်းတွေကို သိမ်းမယ်လို့ စစ်ကောင်စီဖိအားပေး

စနစ်တကျစိစစ်ပြီး ငှားရမ်းတာ၊ ဧည့်စာရင်းတိုင်တာတွေ မလုပ်ရင် နေအိမ်တိုက်ခန်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ နေအိမ်တိုက်ခန်းပိုင်ရှင်တွေကို စစ်ကောင်စီက ဖိအားပေးလာပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေက သူတို့ကိုခြေရာမခံနိုင်အောင် နေအိမ်တိုက်ခန်းတွေ ငှားရမ်းနေထိုင်ကြလို့ ဆိုပါတယ်။

အရင်က အသိပေးပြီးဖြစ်ပေမယ့် နေအိမ်တိုက်ခန်းပိုင်ရှင်တွေက မသိကျိုးကျွန်ပြုနေကြတယ်လို့လည်း ဖော်ပြပါတယ်။

ဒါကြောင့် အဆောင်၊ နေအိမ်တိုက်ခန်း ပိုင်ရှင်တွေအနေနဲ့ ငှားရမ်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်၊ အထောက်အထားအပြည့်အစုံနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်းတိုင်ရမယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့က ဇွန်လ ၁၃ရက်က ထုတ်ပြန်ပါတယ်။

အဲဒီလိုမလုပ်ရန် နေအိမ်တိုက်ခန်းတွေ အသိမ်းခံရမယ့်အပြင် အကြမ်းဖက်မှုအားပေးကူညီသူ အဖြစ်လည်း အရေးယူခံရနိုင်တယ်လို့ ဖိအားပေးထားပါတယ်။

……………………………………

လေကြောင်းတိုက်ခိုက်လို့ စစ်ကိုင်းတိုင်းမှာ ထောင်ချီတဲ့ပြည်သူတွေထွက်ပြေးရ၊ သာဇင်ရွာ မီးရှို့ခံရ

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သာဇင်ရွာဆိုရင် အိမ်ခြေခုနစ်ရာနီးပါးအထိ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ဇွန်လ ၉ ရက်နေ့က တိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေကိုပါ လာရောက် ပစ်ခတ်နေတာပါ။

လေကြောင်းအပြင် မြေပြင်ကလည်း စစ်ကြောင်းထိုးပြီး မီးရှို့တာတွေလည်း လုပ်ဆောင်လာလို့ ကျေးရွာ ၁ဝရွာက ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးနေကြရတယ်လို့ RFA မြန်မာပိုင်း သတင်းတစ်ရပ်မှာဖော်ပြပါတယ်။

စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းလို့ သာဇင်ရွာက အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးသလို မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ခုနစ်ရာ နီးပါးပျက်စီးတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ ဆယ်နဲ့ချီကိုလည်း ဖမ်းဆီးထားပါသေးတယ်။

……………………………………

လစာတိုးတောင်းလို့ အလုပ်ထုတ်ခံရ၊ ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေ

လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုလို့ အလုပ်သမားတွေ အလုပ်ထုတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ Hosheng (ဟိုစိမ်) Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်အစား ၅၆၀၀ ပေးဖို့ ဇွန်လ ၅ရက်က တောင်းဆိုကြပါတယ်။

စက်ရုံမှာ ဆူပူမှုဖြစ်အောင် လုပ်တာဆိုပြီး တောင်းဆိုမှုကို ဦးဆောင်သူ ခုနစ်ဦးကို စက်ရုံဘက်က ဇွန်လ ၁ဝရက်နေ့မှာ အလုပ်ထုတ်လိုက်ပါတယ်။

ဒါကြောင့် အလုပ်သမားတွေ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြချိန်မှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာအချို့ ရောက်ရှိလာပြီး ကြိမ်းမောင်တာတွေ လုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

အဲဒီနောက် ဇွန်လ ၁၄ ရက်မှာ မြို့နယ်ထွေအုပ်ရုံးမှာ ညှိနှိုင်းပေးခဲ့ပေမယ့် တိကျတဲ့အဖြေမရဘဲ ဆွေးနွေးပွဲက အပြန်မှာ ခေါင်းဆောင် အမျိုးသမီးအလုပ်သမားတစ်ဦးကို ဖမ်းဆီးပြီး စစ်ကြောရေးကို ခေါ်သွားတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

လှိုင်သာယာမြို့နယ်က Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှာလည်း လစာတိုးတောင်းတဲ့ အလုပ်သမား ခေါင်းဆောင်နှစ်ဦးကို ဇွန်လ ၁၄ရက်နဲ့ ၁၅ ရက်တွေမှာ နေအိမ်နဲ့ စက်ရုံမှာဝင်ရောက် ဖမ်းဆီးသွားပါသေးတယ်။

……………………………………

စစ်ရဟတ်ယာဉ် ပျက်ကျလို့ နှစ်ဦးသေဆုံး

စစ်ကောင်စီတပ်က လေ့ကျင့်ရေးရဟတ်ယာဉ်ပျက်ကျလို့ ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသားတို့ သေဆုံးသွားပါတယ်။

ဇွန်လ ၁၅ရက်က နေပြည်တော်ကနေ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းရာချိန် နေပြတော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် လယ်ဒါကြီးရွာ အနောက်တောင်ဘက် ငါးမိုင်အကွာမှာ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရဟတ်ယာဉ်ပျက်စီးသွားပြီး ရုပ်အလောင်းတွေကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

……………………………………