ထိုင်းတွင် ကံပေါက်သားတစ်ဦး ဘတ် ၁၂ သန်း ထီပေါက်

0
2266

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် အလုပ်လုပ်ကိုင်နေသော ကံပေါက်ဒေသခံတစ်ဦးသည် ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သော ထိုင်းထီပေါက်စဉ်တွင် ဘတ် ၁၂ သန်း ထီပေါက်ကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ထိုင်းထီပေါက်စဉ်တွင် အမြင့်ဆုံးဆုဖြင့်သော 125272 ခြောက်လုံးတူ နှစ်စောင်တွဲ ထီပေါက်သဖြင့် တစ်စောင်စီအတွက် ဘတ် ၆သန်း စုစုပေါင်းဘတ် ၁၂ သန်းဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။  

ထီကံထူးသောသူသည် ဖန်ငခရိုင်တွင် ဒူးရင်းသီး၊ ကြက်မောက်သီး စသော သစ်သီးခြံတွင် လုပ်ကိုင်နေသည်မှာ ၇ နှစ်ရှိပြီဖြစ်ပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသခံတစ်ဦးဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထိုင်းထီဆုကြီးပေါက်သည်ကို သိပြီးနောက် AAC-မဟာမိတ်အဖွဲ့ထံသို့ လာရောက်အကူညီတောင်းခံခဲ့သဖြင့် ဇွန်လ ၈ ရက်နေ့တွင် ဆုကြေးငွေအားလုံးကို လိုက်ပါထုတ်ယူပေးပြီးဖြစ်ကြောင်း ယင်းအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“သူက စူရတ်မြို့မှာ ပန်းရောင်ဘတ်ရိုက်ရင်းနဲ့ ထီလက်မှတ်နှစ်စောင် လာရောင်းလို့ ဝယ်လိုက်ရင်းနဲ့ ကံထူးသွားတာ။ သူကလည်း ကံထူးချင်တော့ ပန်းရောက်ကတ်ရဲ့ နောက်ပိတ်ဂဏန်းကို ရှာထိုးတာ။ ပန်းရောင်ကတ်နံပါတ်က ၃၇၂ ။ အဲဒါမရတော့ ၂၇၂ ကို ပြန်ထိုးလိုက်တာ” ဟု ၎င်းက ဆိုသည်။

ဆုကြေးငွေများအတွက် ထိုင်းအစိုးရသတ်မှတ်ထားသည့်အတိုင်း အခွန်ဆောင်ခဲ့ပြီး ဘဏ်အကောင့်များသို့ ခွဲထည့်ခဲ့ကြောင်း ဦးခိုင်ကြီးက ပြောဆိုသည်။

လက်ရှိအချိန်တွင် ကံပေါက်ဒေသသည် နယ်မြေအေးချမ်းမှု မရှိသေးသဖြင့် နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ လက်ရှိခြံအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။