ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲတွင် သံဃာနှစ်ပါးအပါအဝင် လေးဦးထက်မနည်း သေဆုံး

0
1943

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် ယနေ့ ဇွန်လ ၂ ရက် နံနက် ၁ နာရီခန့်ကစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် သံဃာတော်နှစ်ပါးနှင့် အရပ်သားအမျိုးသားနှစ်ဦး စုစုပေါင်း လေးဦးထက်မနည်းသေဆုံးကြောင်း ၎င်းတို့က ပြောသည်။

မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ဌာနဆိုင်ရာရုံးနှင့် လုံခြုံရေးတပ်ဖွဲ့များကို KNLA/ PDF ပူးပေါင်း တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

“လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်နေတော့ ဘယ်သူမှလည်း အပြင်မထွက်ရဲဘူး။ ထွက်ပြေးဖို့ကလည်း မရတော့ဘူး။ ကိုယ့်အိမ်ထဲမှာပဲ ကြောက်ကြောက်နဲ့ ပုန်းနေကြရတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦး ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေချိန် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ကြာအင်းဆိပ်ကြီးမြို့ အနီးဝန်းကျင်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံတို့က ပြောသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ကမ်းနားပိုင်းရှိ မဏိရတနာစာသင်တိုက်မှ သံဃာတော် နှစ်ပါးနှင့် ရပ်ကွက်နေ အရပ်သား ပြည်သူ နှစ်ဦး ကျည်ထိမှန်သေဆုံးပြီး ကလေး တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

တိုက်ပွဲကြောင့် မြို့ပေါ်ရှိ နေအိမ်အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။

နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ပစ်ခတ်သံများမှာ နေ့လယ် ၁၂ နာရီအထိ ကြားရကြောင်း မြို့ခံတို့က ပြောသည်။

ယင်းနောက်ပိုင်း ပစ်ခတ်သံများ မကြားတော့သော်လည်း မြို့ပေါ်တွင် စစ်ကောင်စီတပ် သွားလာလှုပ်ရှားနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို ကရင်ပူးပေါင်းတပ်ဖွဲ့တို့ ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိသည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ကြာအင်းဆိပ်ကြီးမြို့အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။