ကိုယ်ဝန်ဆောင်မြန်မာတစ်ဦး ဗိုက်နာ၍ ဆေးရုံလာပြရာ သန်လုံးကောင်ကြီး အန်ချ

0
1875

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ကိုယ်ဝန် ၃၂ ပတ်ရှိပြီဖြစ်သော မြန်မာအမျိုးသမီးတစ်ဦးသည် ဗိုက်နာသဖြင့် ဆေးရုံလာပြခဲ့ရာမှ သန်လုံးကောင်ကြီးအန်ချကြောင်း ဒွန်းစက်ဆေးရုံက ထုတ်ပြန်သည်။

အသက် ၂၇နှစ်အရွယ် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးသည် ဗိုက်အလွန်နာလာပြီးနောက် ငါးကြိမ်အထိ ပျို့အန်သဖြင့် နောက်တစ်ရက်တွင် ဒွန်းစက်ဆေးရုံသို့ လာရောက်ပြသကြောင်း မေလ ၃၁ ရက်က ထုတ်ပြန်ထားသည့် ဆေးရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆေးရုံတက်ရောက်စေပြီး ကုသနေချိန် နှစ်ကြိမ်ပျို့အန်ရာ အရှည် ၁၀ နှင့် ၁၅ စင်တီမီတာအထိရှိကြသော သန်လုံးကောင် နှစ်ကောင်ကို အန်ချကြောင်း ဆိုသည်။

လူနာအားမေးမြန်းရာတွင် အသားများကို ကျက်အောင်ချက်ပြုတ်စားသောက်သော်လည်း ဟင်းသီးဟင်းရွက်များကို အစိမ်းစားလေ့ရှိသည်ဟုဖြေကြားကြောင်း ဖော်ပြပါရှိသည်။

အသားကို အစိမ်းမစားဘဲ ကျက်အောင်ချက်စားကြောင်း အဓိပ္ပါယ်ရသည့် “အစစ်တေပဲ့စားဟယ်။ အစိမ်းတွေမစားဟ” ဟု မြိတ်ဒေသအသံဖြင့် ထိုင်းသတင်းဌာနဖြစ်သော New Workpoints 23 သို့ လူနာဖြစ်သူက ဖြေကြားထားသည်။

သတင်းဌာနသို့ ဖြေကြားထားချက်အရ လူနာသည် တနင်္သာရီတိုင်း မြိတ်ဒေသခံတစ်ဦးဖြစ်နိုင်သော်လည်း အတည်ပြု၍ မရသေးပေ။

လူနာသည် သန်ကောင်ဥနှင့် ကပ်ပါးကောင်များရှိနေသော ဟင်းသီးဟင်းရွက်များကို အစိမ်းစားမိရာမှ ဗိုက်ထဲပါလာပြီး သန်လုံးကောင်အဖြစ် ကြီးထွားလာခြင်းဖြစ်ကြောင်း ဆေးရုံက ကောက်ချက်ချထားသည်။

သန်လုံးကောင်များသည် စိုစွတ်သောမြေကြီးနှင့် ရေများတွင် ဥချလေ့ရှိပြီး သားလောင်းအဖြစ် ပြောင်းလေ့ရှိကြောင်း ဖော်ပြထားသည်။

လူနာကို ဆရာဝန်များက သန်ချဆေးပေးပြီးနောက် အခြေအနေကောင်းမွန်လာသည်ကို တွေ့ရှိရပြီး အတွင်းလူနာအဖြစ် ဆက်လက်ကုသပေးခဲ့ကြောင်း ဆိုသည်။

လူနာ၏ ဆေးကုသမှုမှတ်တမ်းများကို အများပြည်သူများ သိရှိစေရန် ပြောဆိုခွင့်ပေးခဲ့သည့်အတွက် လူနာရှင်အား ကျေးဇူးတင်ကြောင်းကိုလည်း ဆေးရုံက ထုတ်ပြန်ထားသည်။

အသားများကို ချက်ပြုတ်စားသောက်ကြရန်၊ ပင်လယ်စာများကို အစိမ်းစားခြင်းမှ ရှောင်ကျဉ်ကြရန်၊ ဟင်းသီးဟင်းရွက်များကို ရေဆေးပြီးမှ စားသောက်ကြရန်၊ စိုးရိမ်မှုမလွန်ကဲကြရန် ဆေးရုံက အသိပေး တိုက်တွန်းထားသည်။