ရေး-သံဖြူဇရပ်ကားလမ်းတွင် တိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦး သေဆုံး

0
2022

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးသွားကြောင်းသိရသည်။

မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က သံဖြူဇရပ်မြို့ဘက်မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကား ၄ စီးနှင့် ရိက္ခာတင်ကား ၅ စီးပါ ယာဥ်တန်းကို ပိန္နဲတောကျေးရွာနှင့် ရွာသာအေးကျေးရွာကြားတွင် တစ်ကြိမ်၊ ဘေးလမိုင်းကျေးရွာအနီးတွင် တစ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ရွာသာအေးကျေးရွာတွင် စစ်ကောင်စီ ယာဥ်တန်းအား လမ်ကင်းယူပေးနေသည့် လမ်းကင်းအဖွဲ့ကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ရေးဘက်ကို ဆင်းလာတဲ့ စစ်ကားတွေကို PDF တွေက စောင့်ပြီး ပစ်တာတဲ့။ စစ်တပ်ဘက်ကလည်း ပြန်ပစ်တယ်။ ဒီလမ်းမှာ စစ်ကားတွေ ခဏခဏတိုက်ခိုက်ခံနေရတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရချိန် ဖြတ်သန်းသွားလာနေသည့် ရေးမြို့နယ် အောင်သပြေကျေးရွာမှ အသက် ၅၁ နှစ်အရွယ် စောမောင်စံသွင်ဆိုသူကို ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော် ယင်းနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီယာဥ်တန်းများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိသည့်အပြင် အရပ်သားကားများ စီးနင်းလာသည့်ကား၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်လည်း ဆက်တိုက်ရှိလာခဲ့သည်။