သင်္ကန်းတုံးရွာထဲဝင်လာသည့် ကလေးငယ်တစ်ဦးအပါအဝင် စစ်ဘေးရှောင်လေးဦးပစ်ခတ်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

0
411

ထားဝယ်မြို့နယ် သင်္ကန်တုံးရွာထဲဝင်လာသည့် ဒေသခံစစ်ဘေးရှောင်လေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ မေလ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် သင်္ကန်းတုံးရွာက စစ်ဘေးရှောင်နေရသူအချို့ လိုအပ်သည့်ပစ္စည်းများ ရွာထဲဝင်ယူသည့်အချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

လတ်တ‌လော စုံစမ်းမေးမြန်းမှုအရ သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရရှိသူ နှစ်ဦးရှိကြောင်း ဒေသခံအချို့က ပြောဆိုကြပြီး သေဆုံးသူနှစ်ဦးနှင့် ပတ်သတ်၍ အတည်မပြုနိုင်သေးပေ။

ဒဏ်ရာရသူနှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်းအရွယ် ဒေါ်နန်းထွေးဆိုသူနှင့် ၎င်း၏သားဖြစ်သူ အသက် ၁၀ နှစ် ဝန်းကျင်အရွယ် ကလေးငယ်တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကလေးမှာ ခြေထောက်မှာထိတယ်။ သူ့အမေမှာကတော့ ဒဏ်ရာပြင်းတယ်လို့ပြောတယ်။ အခုထားဝယ်‌ကို ဆေးရုံတင်သွားကြပြီ” ဟု ၎င်းက ဆိုသည်။

သင်္ကန်တုံးရွာ နေရာအနှံ့တွင် စစ်ကောင်စီတပ်က တပ်ဖြန့်နေရာယူထားပြီး ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးနေရ‌သည်ဟုဆိုသည်။

စစ်ဘေးရှောင်ရင်း လိုအပ်သည့်ပစ္စည်းများ ရွာထဲဝင်ယူချိန် အဖမ်းခံရသူ လေးဦးထက်မနည်းရှိကြောင်း ဒေသခံအချို့က ပြောသည်။

“ဖမ်းခံရတဲ့သူနှစ်ယောက်တော့ ပြန်လွတ်လာပြီ။ ကျန်တဲ့သူနှစ်ယောက်ကတော့ ရိုက်နှက်ထုထောင်းခံထားရတယ် ပြောတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီသတင်းများရေးသားနေသည့် တယ်လီဂရမ်ချယ်နယ်တို့တွင်မူ သင်္ကန်တုံးရွာတွင် PDF တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခဲ့ကြောင်း ရေးသားဖော်ပြနေကြသည်။

သင်္ကန်းတုံးရွာသည် အရှေ့တောနယ် ထားဝယ်-ထီးခီးလမ်းပေါ်တွင် တည်ရှိပြီး နှစ်ဖက်တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည့်နေရာဖြစ်သည်။