တော်လှန်ရေးအဖွဲ့ ဟန်ဆောင်ကာ ငွေကြေးတောင်းခံနေမှု စုံစမ်းအရေးယူမည်

0
1413

တော်လှန်ရေးအဖွဲ့ ဟန်ဆောင်ကာ လုပ်ငန်းရှင်များအပေါ် ငွေကြေးတောင်းခံမှုကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမည်ဟု ဘုတ်ပြင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ဘုတ်ပြင်းမြို့နယ်၌ ယခုနှစ်မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်အသုံးပြုကာ ငွေလိမ်တောင်းခံမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာနေပြီး ယင်းလုပ်ရပ်သည် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်းနှင့် ယင်းကိစ္စအား စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ငွေလွှဲလုပ်ကိုင်နေသည့် ဆိုင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များနှင့်ရေလုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များထံသို့ ဖုန်းဖြင့်ဆက်သွယ်ပြီး တော်လှန်ရေးအင်အားစု အမည်အသုံးပြုကာ အဓမ္မခြိမ်းခြောက် ငွေကြေးတောင်းခံ လာမှုများ ဖြစ်ပေါ်လာနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 တော်လှန်ရေးအင်အားစုများအား ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်နေသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းကိုမဆို ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခြိမ်းခြောက်ငွေတောင်းခံရသူနှင့် တည်နေရာ အသေးစိတ်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသော်လည်း ဒေသခံများအား မေးမြန်းစုံစမ်းချက်များအရ ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် ဖြစ်ပေါ်နေသည်ဟု ကြားရကြောင်း ဆိုသည်။

“ဒီကိစ္စတွေက ရွာတွေမှာ ဖြစ်လာနေတယ်။ လိမ်တောင်းမှန်းသိပေမယ့် အသက်အန္တရာယ် ရန်ရှာလာမှာကိုကြောက်ပြီး ပေးလိုက်တဲ့ လူတွေလည်းရှိကြတယ်”ဟု ဘုတ်ပြင်းဒေသခံအမျိုးသား ကပြောသည်။

စုံစမ်းမေးမြန်းချက်အရ တောင်ငယ်၊အေးသာယာ၊ မဏ္ဍိုင်၊လေညာ၊ရွှေဂဲညို၊ ချောင်းကဖီး၊ချောင်းကရှက်၊ ကြိမ်နီတောင်၊ကြိမ်မဲတောင်နှင့် အလယ်မန် စသည့်ကျေးရွာများတွင် ဖြစ်ပေါ်နေသည်ဟု ဒေသခံများ ကပြောသည်။

ကျွန်းစုမြို့နယ်တွင်လည်း ယခုနှစ်မတ်လနှင့် ဧပြီလအတွင်း တော်လှန်ရေးအဖွဲ့အစည်းအမည်အသုံးပြုကာ အလားတူ ခြိမ်းခြောက်ငွေကြေး လိမ်လည်တောင်းခံမှုများ ပြုလုပ်ခဲ့သေးသည်။

ဘုတ်ပြင်းမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီထောက်တိုင်များကို ရှင်းလင်းခြင်းနှင့် တိုက်ပွဲဖော်ဆောင်မှုများကို ယခုနှစ်တွင် အရှိန်တိုးမြင့် လုပ်ဆောင်လာနေကြသည်။