ပလမြို့တွင် ၂နှစ်သားကလေးနှင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံး

0
689

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ကာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ရှိသည့် ပလမြို့ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ မေလ ၂၆ရက် နံနက် ၁၁ နာရီဝန်းကျင်က မင်းပြင်ရွာရှိ မွေးမြူရေးကြက်ခြံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ကြက်ခြံတွင် ကြက်စာကျွေးနေသည့် ခြံပိုင်ရှင် အသက် ၄၀ အရွယ် ဒေါ်ကေဂျာဝင်းလှိုင် ယင်းနေရာတွင်သေဆုံးကာ ဘေးအိမ်က အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်မှာ ဆေးရုံတင်ပို့စဉ် သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

ဒေါ်ကေဂျာဝင်းလှိုင်မှာ ကလေးသုံးဦးမိခင်ဖြစ်ပြီး ခင်ပွန်းသည်မှာလည်း ဒဏ်ရာအနည်းငယ်ရကြောင်း ဒေသခံများထံမှ သိရသည်။

“(အမျိုးသမီးက) ရင်ဘတ်ပွင့်ပြီး ပွဲချင်းပြီးသေတယ်။ ကလေးကတော့ ဆေးရုံရောက်မှ သေတာပါ” ဟု ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။

လက်နက်ကြီးထိမှန်မှုကြောင့် ကြက်များနှင့် ဝက်တစ်ကောင်ပါ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဘာတိုက်ပွဲမှ မရှိဘူး။ ဒီလိုပဲ တစ်လနှစ်လလောက်ကြာရင် တစ်ခါလာလာကျတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျရောက်ပြီးနောက် စစ်ကောင်စီတပ်များ လာရောက်စစ်ဆေးခဲ့ပြီး ဆေးရုံသို့လည်း သွားရောက်ခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

“အမျိုးသမီးကိုတော့ မနေ့ကပဲ သင်္ဂြိုဟ်လိုက်ပြီ။ ကလေးကိုတော့ ဒီနေ့မှ သင်္ဂြိုဟ်မယ်။ သူတို့နှစ်ဦးက အိမ်နီးချင်းတွေပါ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ပုလောမြို့နယ်တွင် နေ့စဉ်ဆိုသလို နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့လည်း လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။