ဘဝဖျက်မုန်တိုင်း မိုခါ

0
1218

အိမ်ကလေး ယိမ်းထိုးခါယမ်းနေပေမယ့် မမိုး (အမည်လွှဲ) တို့မိသားစု ထွက်မပြေးရဲ။ လေနဲ့လွင့်ပါသွားမှာ၊လွင့်စင်လာတဲ့ သွပ်ပြားတွေ ထိမှန်ပြီး ထိခိုက်သေဆုံးမှာကို စိုးရိမ်ကြလို့ပါ။

ကြောက်လို့ ပုန်းနေပေမယ့် မလွတ်။ ဖာန်ဖီနေတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းက အိမ်ကလေးကို တစ်စစီဖြစ်အောင် ဖြိုလဲပစ်လိုက်တော့တယ်။ မမိုးတို့ မိသားစုလည်း အိမ်ပြိုနဲ့အတူ ရောပါသွားတယ်။ အပျက်အစီးတွေကို တွန်းထုတ်ပြီး ထွက်ကြရတယ်။

“ကလေးတွေကို မနည်းကို ဆွဲထုတ်ရတာ” ဟု မမိုးက ပြောပါတယ်။

မမိုးတို့ ဇနီးမောင်နှံမှာ အသက် ၅နှစ်နဲ့ ၂နှစ်အရွယ်သမီးလေး နှစ်ဦးရှိပါတယ်။ မိုခါမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်တဲ့ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ် မေယုမြစ်ကမ်းဘေးက ကျေးရွာတစ်ရွာမှာ နေထိုင်ပြီးကုန်စုံဆိုင်လေး ဖွင့်လှစ် ရောင်းချ အသက်မွေးသူတွေပါ။

မုန်တိုင်းလေက အိမ်ခေါင်မိုးတွေကိုတောင် စက္ကူတစ်ချပ်လို လွင့်ပါအောင် တိုက်ခတ်နေချိန် ပြိုလဲသွားတဲ့အိမ်ထဲကနေ မမိုးတို့ ထွက်ပြေးကြရပြန်တယ်။ မပြိုဘဲကျန်သေးတဲ့ ဘေးအိမ်ကိုထွက်ပြေးကြတာပါ။

“လေက တအားကြမ်းတယ်။ ပြေးလို့မရဘူး။ နောက်ပြန်လှန်ပါသွားတယ်”

လွင့်ပါမတက် လေကို အန်တုပြေးပြီး ဘေးအိမ်ကို ရောက်ချိန်မှာပဲ အဲဒီအိမ်ကလည်း လှုပ်ခါလာပြီး အိမ်မိုးတွေလည်း ပွင့်ထွက်လာတော့တယ်။ လုံခြုံမယ် ယူဆပြီး နောက်ဖေးခန်းကို ရွှေ့ပြန်တော့ အဲဒီအခန်းက အမိုးပြိုလာတယ်။ သစ်လုံးက ခေါင်းကို လာမှန်လို့ မမိုးတို့ ဇနီးမောင်နှံနှစ်ဦးလုံး ခေါင်းကို ထိမှန်သွားပါတယ်။ 

“ဒီမှာတွေ့လား” ဆိုပြီး တစ်လက်မကျော်လောက် ရှည်ပြီးတော့ လက်သန်းလုံးလောက်ရှိတဲ့ ဦးခေါင်းပေါ်ကထင်းနေတဲ့ ဒဏ်ရာကို မမိုးက လက်ညိုးထိုးပြပြီး ပြောပါတယ်။

ကလေးတွေကိုသာ ရင်ခွင်မှာ ပိုက်မထားရင် ကလေးတွေလည်း ထိခိုက်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဦးခေါင်းပေါ်ကနေကျတဲ့သွေးတွေ မျက်နှာမှာ စီးကျနေပေမယ့် ဒီအိမ်လည်း မလုံခြုံတော့ နောက်တစ်နေရာကို ဒဏ်ရာကို မမူဘဲ ကလေးပိုက်ပြီး ပြေးရဖို့ ဖြစ်လာပါတော့တယ်။

အိမ်ရှေ့လမ်းကို ကျော်ပြီးတော့ ထွက်ပြေးချိန်မှာပဲ မုန်တိုင်းရိုက်ချသွားလို့ ရေမြောင်းထဲ ပြုတ်ကျသွားပါသေးတယ်။ လေကြမ်းလို့ မြောင်းထဲကနေ ချက်ချင်း မတက်နိုင်။ တက်နိုင်တော့လည်း မတ်တပ်ရပ်လို့ မရတော့ပေ။

“လေတိုက်ချက်ကတော့ မတ်တပ်ရပ်လို့ကို မရဘူး။ ပစ်လဲကျတယ်။ ဘယ်လိုမှ မရလို့ တွားပြီးသွားရတယ်”

မေလ ၁၄ရက်က တိုက်ခတ်ဖျက်ဆီးသွားတဲ့ ရက်စက်ကြမ်းတမ်းတဲ့ မိုခါမုန်တိုင်းကြားထဲ အသက်လုထွက်ပြေးရတဲ့အကြောင်း မမိုးက ပြန်ပြောင်းပြောပြနေတာပါ။

မမိုးတို့လိုပဲ မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ရာ လမ်းကြောင်းတစ်လျှောက်က မြို့ရွာတွေမှာ နေထိုင်သူတွေဟာ ကြောက်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။

မိုခါမုန်တိုင်းကြောင့် သေကွဲ ကွဲကြရသလို လူသန်းနဲ့ချီမှာလည်း ဒုက္ခရောက်ခဲ့ကြရတာပါ။

လူမျိုးရေးပဋိပက္ခဒဏ်၊ ကိုဗစ်ကပ်ရောဂါဘေးဒဏ်အပြင် စစ်ဘေးဒဏ်ကိုပါ ခါးစည်းခံနေရာတဲ့ ရခိုင်ပြည်သူတွေဟာ မိုခါရဲ့ ဖျက်ဆီးခြေမွပစ်တဲ့ ဒဏ်ကိုပါ အလူးအလဲထပ်ခံကြရတာပါ။

မုန်တိုင်းတိုက်ခတ်ချိန်မှာလည်း အသက်ဘေးကနေ လွတ်မြောက်ဖို့ ရုန်းကန်ခဲ့ကြရပါတယ်။ မုန်တိုင်းပြီးတော့ ဒုက္ခတွေ တစ်ပုံတပင် ချန်ရစ်ခဲ့ပါသေးတယ်။

မုန်တိုင်းဒဏ်ကြောင့် မြို့တွေ ဖွက်ဖွက်ညှက်ညှက်ကြေပြီး မြို့ပျက်လိုဖြစ်သွားသလို ကျေးရွာတွေလည်း ရွာပျက်တွေလို ဖြစ်သွားရပါတယ်။

မြို့ရွာတွေမှာ အိမ်အပါအဝင် အဆောက်အအုံတွေ ပြိုလဲနေတာ၊ ခေါင်မိုးတွေ၊ အိမ်အကာအရံတွေ လမ်းမပေါ်တွေပေါ် ပိတ်နေတာ၊ ဓာတ်တိုင်တွေ ပြိုလဲနေတာ၊ သစ်ပင်တွေ ပြိုလဲပြီး အိမ်တွေကို ဖိနေတာ၊ လမ်းတွေကိုပိတ်နေတာ စသဖြင့် …။

လွင့်ပါလုဆဲဆဲ လေနဲ့ ဟိုရိုက်သည်ရိုက် ရိုက်နေတဲ့ သွပ်ပြားတွေ၊ ခြေမွထားတဲ့ စက္ကူစုတ်လို ဖြစ်နေတဲ့သွပ်ပြားတွေ ပြန့်ကျဲနေတယ်။ တချို့ သွပ်ပြားတွေက အပင်ပေါ်မှာ ဓာတ်တိုင်ပေါ်မှာ။ ကွမ်းသီးပင်ထိပ်မှာအလံလို လွှင့်နေတာမျိုးလည်း တွေ့ရတယ်။

ဒါက ပြင်းထန်လွန်းတဲ့ မုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ သရုပ်သဏ္ဍာန်ပါပဲ။

“စွန့်ပစ်ထားတဲ့ မြို့ပျက်ကြီးလို ဖြစ်နေပါပြီ” လို့ မုန်တိုင်းအပြီး ရခိုင်ပြည်နယ် မြို့တော်စစ်တွေမြင်ကွင်းကိုစစ်တွေမှာ နေထိုင်တဲ့ လူငယ်တစ်ဦးက ပြောတာပါ။

မြို့ရော၊ ရွာရော မပျက်စီးတဲ့ နေအိမ်အဆောက်အအုံဆိုတာ မရှိ။ နေအိမ်ရာနဲ့ချီရှိတဲ့ ရွာတွေမှာဆို လူနေထိုင်လို့အဆင်ပြေရုံ ကျန်ရစ်ခဲ့တဲ့ အိမ်က လက်ငါးချောင်းပြည့်တာက ရှားတယ်လို့ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသခံတွေက ပြောပါတယ်။

“အိမ်တွေက ဘာမှမကျန်အောင် ပျက်စီးတာဗျ။ ရွာတွေကို သွားကြည့်လိုက်ရင် တစ်ရွာလုံး ပျက်စီးတာတွေချည်းပဲ။ အကုန်ဒုက္ခရောက်ကုန်တာပဲ” ဟု မုန်တိုင်းဒဏ်ကို အလူးအလိမ့်ခဲ့ရတဲ့ ရသေ့တောင်မြို့နယ်ကအသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

သူ့အိမ်လည်း ပျက်စီးသွားလို့ အိမ်ဆောက်ပစ္စည်းတွေ လာဝယ်ရင်း ပြောပြတာပါ။

မုန်တိုင်းပြီးတဲ့နောက် ရခိုင်မှာ နှုတ်ခွန်းဆက်စကားတောင် ပြောင်းသွားပါတယ်။ တစ်ဦးနဲ့ တစ်ဦး တွေ့ရင် အရင်ဆုံး ပြောတဲ့စကားက “လွတ်ရဲ့လား” ဆိုတာပါပဲ။ အိမ်တွေ ပျက်စီးအထိအခိုက်ကနေ လွတ်ကင်းရဲ့လားလို့ ဆိုလိုတာပါ။

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများသလို အစုံလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ရင်နှင့်ဖွယ်ဖြစ်ရပ်တွေလည်း ရှိနေပါတယ်။

စစ်တွေက မွတ်ဆလင်ဒုက္ခသည်စခန်းမှာ လူအစုလိုက်အပြုံလိုက် သေဆုံးတာရှိခဲ့သလို ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာမှာလည်း မုန်တိုင်းရှောင်နေတဲ့ အဆောက်အအုံ အုတ်နံရံပြိုကျလို့ ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၃ဦး သေဆုံးတဲ့ ဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် နေအိမ်အပါအဝင် အဆောက်အအုံတွေ ပြိုကျလို့၊ သစ်ပင်တွေပိလို့ သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။

ဒီလိုမျိုးဖြစ်ရပ်တွေ ကြုံရပေမယ့် အသက်ရှင်လွတ်မြောက်ခဲ့သူတွေလည်း ရှိပါတယ်။

“ရွာစာသင်ကျောင်းမှာ နေနေကြတာ။ ကျောင်းက အခြေအနေမကောင်းတော့လို့ ထွက်ပြေးကြတယ်။ ထွက်ပြေးတာနဲ့ ကျောင်းပြိုကျတာပဲ။ မဟုတ်ရင် အကုန်သေကုန်မှာ” လို့ ရသေ့တောင်မြို့နယ် ကျေးရွာတစ်ရွာကအသက် ၅၀ အရွယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မုန်တိုင်းဘေးရှောင်သူတွေ စုပြီးနေထိုင်တဲ့ အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးမှုများပါဝင်တယ်။

ရသေ့တောင်မြို့နယ်ရှိ နောက်ထပ်ကျေးရွာတစ်ရွာက ရွာဘုန်းတော်ကြီးကျောင်းမှာလည်း ကျောင်းခေါင်မိုးလွင့်ပါသွားပြီး နံရံတွေကွဲအက်ပြီး ပြိုလုဆဲဆဲဖြစ်ခဲ့ပေမယ့် အသက်ဘေးကနေ လွတ်ခဲ့တယ်လို့ ဒေသခံအမျိုးသား တစ်ဦးက ဆိုပါတယ်။

“ကျောင်းပေါ်ကို အပင်တွေက ကျိုးကျပြီး လမ်းတွေပိတ်နေတယ်။ ထွက်ပြေးလို့လည်း မရဘူး။ မုန်တိုင်းနောက်တစ်နာရီလောက် ထပ်တိုက်ရင်တော့ မတွေးဝံ့စရာပဲ” ဟု ၎င်းက ပြောဆိုပါတယ်။

လေပြင်းထန်လွန်းပြီး အပျက်အစီးများတာကြောင့် မုန်တိုင်းလေ ခဏငြိမ်ချိန်မှာ ထွက်ပြေးပြီး လုံခြုံနိုင်မယ့်နေရာကို အပြေးအလွှား ပြေးကြတာတွေလည်း မြင်တွေ့ရပါတယ်။

မုန်တိုင်းဟာ နေ့ခင်းဘက် မဟုတ်ဘဲ ညဘက်သာတိုက်ခတ်မယ်ဆိုရင် လူထိခိုက်သေဆုံးမှုတွေ ပိုများနိုင်တယ်လို့ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသခံတွေက ပြောကြပါတယ်။

မုန်တိုင်းအပြီးမှာ နေရေးဒုက္ခကလည်း အကြီးအကျယ် ကြုံနေရပြန်ပြီ။

သွပ်ပြားတွေ၊ သွပ်ရိုက်သံတွေ၊ တာလပတ်တွေ အပါအဝင် အိမ်ဆောက်ပစ္စည်းတွေ အလုအယက် လိုက်ဝယ်ကြပါတယ်။ ဈေးတွေ အဆမတန် ခုန်တက်သွားသလို ဈေးကွက်ထဲ ပစ္စည်းလည်း ပြတ်သွားပါတယ်။

ငွေကြေး မတတ်နိုင်သူတွေအဖို့ အိမ်ဆောက်ပစ္စည်းတွေ မဝယ်နိုင်ကြသလို ငွေကြေးတတ်နိုင်သူတွေအဖို့လည်း ပစ္စည်းပြတ်သွားလို့ အိမ်မပြင်ကြရပါဘူး။

‘ငွေထုပ်ပိုက်ပြီး လိုက်ရှာရင်တောင် သွပ်ပြားတွေ ရှာမရဘူး’ ဆိုတာ မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကြားမှာအပြောများလာတဲ့ စကားဖြစ်လာပါတယ်။

အမိုးအကာတွေ မမိုးနိုင်သေးချိန် မုန်တိုင်းလွန်ရက်တွေမှာ မိုးကလည်း ညပိုင်းတွေပဲ ရွေးရွာနေလို့ မိုးထဲရေထဲ ညအိပ်ရတဲ့ ဒုက္ခကလည်း ကြီးလှပါတယ်။

“ညအိပ်ရတာ သိပ်ဒုက္ခရောက်တာပဲ။ မိုးရွာရင် ထိုင်နေရတယ်။ ဘေးအိမ်တွေလည်း သွားနေလို့မရဘူး။သူတို့မှာလည်း အိမ်မရှိဘူး။ အိမ်အမိုးတွေ မမိုးရသေးဘူးလေ။ ဘယ်မှာ သွားအိပ်ရမှာလဲ။ ဒီလိုပဲ ဒုက္ခခံနေရတယ်”

ရသေ့တောင်မြို့ပေါ်မှာ နေထိုင်တဲ့ အသက် ၅ဝအရွယ် အမျိုးသမီးတစ်ဦးက သူတို့အိမ်မှာ အိမ်ခေါင်မိုးတွေ မရှိတော့လို့ သားမိလေးဦး နေရေးအခက်ကြုံနေတာကို သက်ပြင်းလေးချပြီး ရှင်းပြတာပါ။

နေရေးဒုက္ခရောက်သူတွေထဲမှာ မမိုးတို့ မိသားစုလည်း ပါဝင်ပါတယ်။ ပြိုသွားတဲ့ အိမ်နေရာမှာ တာလပတ်လေးနဲ့ တဲပုံစံဆောက်ပြီး နေနေကြတာပါ။

“အိမ်ကပြန်ဆောက်ဖို့ မဖြစ်နိုင်သေးဘူး။ သွပ်ပြားလည်း ဝယ်လို့ မရကြဘူးလေ။ ပိုက်ဆံလည်း မတတ်နိုင်သေးဘူး။ ဒီမိုးတွင်းတော့ ဒီလိုပဲ နေရတော့မယ်” လို့ မမိုးက စိတ်ပျက်လက်ပျက် ပြောပါတယ်။

နေရေးပြဿနာကို မုန်တိုင်းဒဏ်ခံ ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနေရပြီး အကူအညီ အထောက်အပံ့တွေလည်း မရကြသေးပါဘူး။ မိုးရွာသီလည်း ရောက်တော့မှာ ဖြစ်တာကြောင့် နေရေးပြဿနာက ခေါင်းခဲစရာ အခြေအနေနဲ့ ကြုံနေကြရတာပါ။

နေရေးပြဿနာအပြင် ကုန်ဈေးနှုန်းတွေ ထိုးတက်နေလို့ စားသောက်ရေးပြဿနာကိုလည်း ရင်ဆိုင်နေကြရပါသေးတယ်။

ဒါ့အပြင် ဒေသခံတွေ အားကိုးအားထားပြု မှီခိုလုပ်ကိုင်စားသောက်ကြရတဲ့ ကျွဲ၊ နွားတွေ သေဆုံးမှု များတာကြောင့်လည်း အထိနာလှပါတယ်။

“နွား ရှစ်ကောင်ရှိတာမှာ ငါးကောင် သေသွားတယ်။ ကျန်တဲ့သုံးကောင်ကလည်း အခုအထိရှာလို့ မတွေ့သေးဘူး။ အကုန် ကုန်ပြီပေါ့ဗျာ။ သိပ်ကို ဆုံးရှုံးတာပဲ” ဟု ရသေ့တောင်မြို့နယ် မေယုမြစ်ကမ်းအနီး ကျေးရွာတစ်ရွာက အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီအမျိုးသားမှာ ဒီနှစ်နွေမှာ ဆောက်ထားတဲ့အိမ်လည်း ပြိုကျသွားလို့ သမီးသုံးယောက်နဲ့ နေရေးထိုင်ရေးအခက်အခဲလည်း တွေ့နေသူဖြစ်ပါတယ်။

ဒေသတွင်း လူမှုရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အဆိုအရ ရသေ့တောင်မြို့နယ်တစ်ခုတည်းမှတင် ကျွဲ၊ နွားကောင်ရေ နှစ်ထောင်ကျော် အနည်းဆုံး သေဆုံးတယ်လို့ ဆိုပါတယ်။

မြိုအနီးဝန်းကျင် ကျေးရွာတွေ သွားလိုက်ရင် လမ်းဘေးတွေ လယ်ကွင်းတွေထဲမှာ ကျွဲသေ၊ နွားသေတွေ အပုံလိုက် တွေ့ရပါတယ်။ အပုပ်နံ့တွေကို ဆိုးဆိုးဝါးဝါးဖြစ်နေပါပြီ။ မြစ်ချောင်းတွေထဲမှာလည်း ကျွဲ၊ နွားအသေကောင်တွေ အရမ်းများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှင်းလင်းတာတွေလည်း မလုပ်နိုင်သေးတဲ့အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေပါ ထပ်ပါလာမှာကိုလည်း စိုးရိမ်နေကြရပါတယ်။

မုန်တိုင်းဒီရေကြောင့် လယ်မြေတွေ ဆားငန်ရေဝင်သွားလို့ စပါးဖြစ်ထွန်းမှာ မဟုတ်တော့ဘူးလို့လည်းလယ်သမားတွေက ညည်းနေကြပါတယ်။

ဒါကြောင့် နောက်နှစ်မှာလည်း စပါးဆန်ရေရှားပါးတာနဲ့ ကြုံရမယ်လို့ ကြိုတင်တွက်ကိန်းထုတ်နေကြပါတယ်။

မြို့တွေ၊ ရွာတွေ တောတောင်တွေမှာ သစ်ပင်တွေလည်း ပြောင်သလန်းခါသွားပါတယ်။ ကျန်ခဲ့တဲ့ သစ်ပင်တွေရဲ့ အရွက်တွေဟာလည်း မီးလောင်ထားသလို ခြောက်နေပါတယ်။ ရာသီဥတု ဖောက်ပြန်တာ၊ အပူဒဏ်တွေ အပြင်းအထန်ခံရနိုင်သလို့ သီးနှံတွေလည်း ရှားပါးမယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

မုန်တိုင်းတိုက်ခတ်တဲ့ နေ့ကပင် ပြတ်တောက်သွားတဲ့ လျှပ်စစ်မီး ဘယ်အချိန်ရမယ့် မသိသေး။ မြို့ပျက်ရွာပျက်လို့ ဖြစ်နေချိန်မှာ ညဆိုအမှောင်အတိ ဖုံးနေတာကလည်း ခြောက်ခြားစရာပါ။ ဆက်သွယ်ရေးကအသုံးပြုလို့ ရလာပေမယ့် ခက်ခဲနေပါသေးတယ်။ ဆက်သွယ်လို့ ရပြီးဖြစ်တဲ့ ဖုန်းကတ်တွေကလည်းအလုအယက် ဝယ်ကြလို့ ဈေးကွက်ထဲ ပစ္စည်းက ပြတ်နေပါတယ်။

မိုခါမုန်တိုင်းဟာ နာရီပိုင်းလေးပဲ တိုက်ခတ်သွားပေမယ့် သန်းနဲ့ချီတဲ့လူတွေရဲ့ ဘဝကို ရစရာမရှိအောင်စုတ်ပြတ်သတ်သွားခဲ့ရပါပြီ။

အသက်ဘေးကနေ လွတ်မြောက်ခဲ့ပေမယ့် နေရေး၊ စားရေး ဒုက္ခတွေကြောင့် မမိုးလည်း ရင်မောနေရပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်က ဆောက်ထားတဲ့ နေအိမ်ကို မိုခါက ခဏလေးအတွင်းမှာ ဖြိုဖျက်သွားတယ်။

“အားလုံးက ကြေကွဲစရာပါပဲ။ ဘဝတွေပျက်တာပဲ”