တနင်္သာရီမြို့နယ်တွင် မိုးကြိုးပစ်ခံရပြီး ရှစ်နှစ်အရွယ်ကလေးငယ်နှင့် မိခင်သေဆုံး

0
1030

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခြင်းကြောင့် အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ ချောင်းနောက်ပြန်ရွာတွင် ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းတွင် မိုးကြိုးပစ်ခံရခြင်းဖြစ်ပြီး အသက် ၃၀ အရွယ် မိခင်ဖြစ်သူနှင့် အသက် ၈ နှစ်အရွယ်သမီးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကလေးတွေ ကစားနေချိန် မိုးကြိုးပစ်နေလို့ဆိုပြီး အမေက အိမ်ရှေ့ထွက်ပြီး အော်ခေါ်တဲ့ချိန်မှာ နှစ်ယောက်စလုံး တစ်ပြိုင်တည်း အပစ်ခံရတယ်လို့သိရတယ်။ အလောင်းတွေကိုတော့ သင်္ဂြိုဟ်လိုက်ပြီးပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

သေဆုံးသူ ကလေးနှင့်အတူ ဆော့ကစားနေသည့် အခြားကလေးငယ်များမှာ အထိအခိုက်မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

တနင်္သာရီမြို့နယ်တွင် လွန်ခဲ့သည့် တစ်ပတ်နီးပါးကတည်းက မေလ ၂ရက်အထိ နေ့လည်ပိုင်းတွင် လေပြင်းတိုက်ပြီး နေ့စဉ်မိုးရွာသွန်းခဲ့သလို လျှပ်စီးလက် မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းမိုးတိမ်တောင်များ ရွှေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။