လောင်းလုံးမြို့တွင် လူငယ်အမျိုးသမီးနှစ်ဦးအဖမ်းခံရ၊ တစ်ဦးပြန်လွတ်

0
2429

လောင်းလုံးမြို့ ညောင်ပင်ကြီးလမ်းဆုံတွင် လူငယ်အမျိုးသမီးနှစ်ဦးကို မေလ ၁ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

အဖမ်းခံသူနှစ်ဦးမှာ လောင်းလုံးမြို့ပေါ်တွင် နေထိုင်သူတစ်ဦးနှင့် မြို့နှင့်ကပ်လျက် သဗျာကျေးရွာတွင် နေထိုင်သူတစ်ဦးတို့ဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“မုန့်လက်သုပ်ဆိုင်က ပြန်လာကြတဲ့အချိန်မှာ အဖမ်းခံရတာလို့ပြောသံကြားတယ်” ဟု ၎င်းမြို့ခံက ပြောဆိုသည်။

ထားဝယ်မုန့်လက်သုပ်ဆိုင်မှအပြန်လမ်းတွင် စစ်ကောင်စီတပ်က လက်ကိုင်ဖုန်းကိုယူစစ်ပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုနေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

၎င်းတို့နှစ်ဦးအနက် လောင်းလုံးမြို့ခံတစ်ဦးကိုမူ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ကျန်တစ်ဦးမှာမူ ပြန်မလွတ်လာသေးကြောင်း သဗျာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ပြန်လွတ်လာတဲ့သူမှာကကျတော့ ဖုန်းမပါသွားဘူး။ ပြီးတော့ ရပ်ကွက်လူကြီးက အာမခံနဲ့ လာထုတ်ပေးသွားတာ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်လကလည်း လောင်းလုံးမြို့ပေါ်တွင် ဖမ်ဆီးစစ်ဆေးမှုတင်းကျပ်ခဲ့သဖြင့် နိုင်ငံရေးပါတီဝင်များ၊ CDM ဝန်ထမ်းများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဆယ်ဦးခန့်လည်း အဖမ်းခံခဲ့ရဖူးသည်။