မောတောင်ရှိ ဥယျာဥ်ခြံတွင် ရှစ်နှစ်သားကလေးနှင့် မိခင်တို့ ပစ်သတ်ခံရ

0
1859

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊အမှတ် ၈ ကျေးရွာတွင် ဥယျာဥ်ခြံလုပ်ကိုင်နေသည့် သားအမိနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၉ ရက်ညက အမှတ် ၈ ကျေးရွာ ဥယျာဥ်ခြံအတွင်း တဲထိုးနေထိုင်နေသည့် အသက် ၂၈ နှစ်ရှိ မဇာခြည်ဦးနှင့် အသက် ၈ နှစ်အရွယ်သားဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်​ကြောင်း ဒေသခံများက ပြောဆိုသည်။

“အမျိုးသမီး (အလောင်း) ပုံစံကြည့်ရတာ နပန်းလုံး ရုံးကန်ထားတဲ့ အနေအထားမျိုး တွေ့ရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဥယျာဥ်ခြံတွင်း ခင်ပွန်းဖြစ်သူနှင့်အတူ သားမိသားဖသုံးဦး အတူနေထိုင်ခြင်း ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ခင်ပွန်းဖြစ်သူ ငါးရှာထွက်နေသည့်အချိန်တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ခင်ပွန်းဖြစ်သူက ပြောဆိုကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါသားအမိကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် လာရောက် ပစ်သတ်ခဲ့သည်ကိုမူ မသိရှိရသေး​ပေ။

သေဆုံးသူမိသားစုများမှာ တနင်္သာရီမြို့နယ်၊ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် နေထိုင်သူများဖြစ်ကြပြီး လက်ရှိတွင် မောတောင်မြို့၊ အမှတ် ၈ ကျေးရွာတွင် ဥယျာဥ်ခြံ လာရောက်လုပ်ကိုင်နေကြသည်ဟု ဒေသခံများက​ ဆိုသည်။